အာဏာပြန်ရရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသစ် မျှော်မှန်းထား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံတော်အာဏာပြန်ရဖို့ ရည်မှန်းပြီး လုပ်ဆောင်သွားမယ်လို့ ဥက္ကဋ္ဌသစ် ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့သည် နိုင်ငံတော်အာဏာရဖို့ ရည်မှန်းတယ်။ သဘောက ရွေးကောက်ပွဲ နိုင်ရမယ်။ ကျွန်တော့်ရဲ့ ရှေ့လုပ်ငန်းစဉ်က ရွေးကောက်ပွဲနိုင်ဖို့ပဲ”လို့ နေပြည်တော်ရှိ ပါတီရုံးချုပ်မှာ သြဂုတ် ၂၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်ပါတယ်။

သြဂုတ် ၂၂ ရက်နေ့က စတင်ပြီး သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီ ညီလာခံကနေ ဦးသန်းဌေးကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

သူ့ကို ဒီရာထူးတာဝန်ပေးတာနဲ့ ပတ်သက်ပြီး ဦးသန်းဌေးက “ကျွန်တော့်ရဲ့ ဥက္ကဋ္ဌသစ်ရဲ့ နှုတ်ခွန်းဆက်စကားမှာ ရွေးချယ်တင်မြှောက်တယ်လို့ မသုံးပါဘူး။ ရွေးချယ်တာဝန် ပေးလိုက်တာ။ မင်းလုပ်ပေတော့။ အဲဒီလိုခံစားရပါတယ်။ ဒါကြောင့်မို့ တော်တော်လေး တာဝန်ကြီးပါတယ်” လို့ မီဒီယာတွေကို သူက ရှင်းပြတယ်။

ပြည်ခိုင်ဖြိုးရဲ့ ဒုတိယအကြိမ် ညီလာခံမှာ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် စီနီယာခေါင်းဆောင် ကိုးဦးဟာ မူလရာထူးတွေကနေ နှုတ်ထွက်ပေးလိုက်ပြီး ပါတီဗဟိုနာယကအဖွဲ့ (ပါတီဗဟိုဦးဆောင်ကော်မတီ) အဖြစ်သာ ဆက်လက် ရှိနေတော့မှာ ဖြစ်ပါတယ်။

“တော်တော်တာဝန်ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ လူကြီးတွေအနေနဲ့ အသက်အရွယ်အရ နားသွားတဲ့အခါမှာ ကျွန်တော်တို့ကို လုပ်ရည်ကိုင်ရည်ရှိလိမ့်မယ်။ ဆက်ပြီးတော့ ပါတီကို ထိန်းကျောင်းသွားလိမ့်မယ်လို့ ယူဆတဲ့အတွက် သူတို့ကလည်း ယုံကြည်တယ်။ အောက်ကလည်းပဲ ရွေးချယ်သဘောတူတဲ့အတွက် ဒါကြောင့်မို့ ဒီနေရာကို ရောက်လာတာပါ”လို့ ဦးသန်းဌေးက ဆိုတယ်။

ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖြစ် အသစ်ရွေးချယ်ခံ ရသူအားလုံးဟာ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးသန်းဌေးကပြောပါတယ်။

“သို့သော်လည်းပဲ မြန်မာ့ယဉ်ကျေးမှု၊ ကျွန်တော်တို့ရဲ့ လူသားဆန်တဲ့စဉ်းစားနည်းအရ သူတို့ (ဗဟိုဦးဆောင်ကော်မတီ) ပြောတာဟာတွေ ကျွန်တော်တို့အတွက် အကျိုးဖြစ်မယ်ဆို ကျွန်တော်တို့ နာခံမှာပဲဗျ” လို့ သူက ဆိုတယ်။

ပါတီရဲ့ လတ်တလော ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို မီဒီယာတွေက မေးမြန်းရာမှာတော့ “ရှိတဲ့အင်အားနဲ့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စတွေကို ကျွန်တော်တို့ ပါတီရဲ့ အသံထွက်ပေးနိုင်အောင် ကျွန်တော်တို့ လုပ်မယ်” လို့ သူက ပြောပါတယ်။

ဒုတိယအကြိမ် ပါတီညီလာခံမှာ ပါတီဗဟိုကအစ တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာပါ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ခဲ့ကြပေမယ့် မူဝါဒပိုင်းကိုတော့ အရင်ကအတိုင်းပဲ ဆက်လက်ထားရှိတယ်လို့ ဆိုပါတယ်။

“မူဝါဒက ဘာမှမပြောင်းဘူး။ မူဝါဒက အကောင်းဆုံးတွေ ချထားတာ” လို့ ဦးသန်းဌေးက ပြောတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်သစ်တွေဟာ မဲဆန္ဒနယ်မြေလစ်လပ်နေရာ ၁၃ နေရာအတွက် လာမယ့် ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ပြုလုပ်ဖွယ်ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ မျှော်မှန်းထားတယ်လို့ပြောကြပေမယ့် ဘယ်လိုအစီအမံတွေနဲ့ လုပ်မယ်ဆိုတာကိုပြောဖို့ကတော့ စောနေသေးတယ်လို့ဆိုပါတယ်။

တပ်မတော်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ အဲဒီပါတီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဝင်မပြိုင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့ပြီး ငါးနှစ်ကြာ အာဏာရပါတီအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် NLD အင်ပြည့်အားပြည့် ယှဉ်ပြိုင်တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ မဲအပြတ်အသတ်ရှုံးပြီး အာဏာလွှဲပေးခဲ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ခုနစ်သန်းကျော်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် အင်အားဟာ ငါးသန်းနီးပါးရှိတယ်လို့ ပါတီတာဝန်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေအရ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ တပ်မတော်အစိုးရလက်ထက်မှာ အသင်းအဖြစ် ရပ်တည်နေရာကနေ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလမှာ ပါတီအဖြစ် အသွင်ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပါတီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းရှင်းလင်းလင်း ဖြေမသွားပါဘူး။

ပါတီရဲ့ ပိုင်ဆိုင်မှုတွေဟာ ၂၀၁၀ ပြည့်နှစ်၊ တပ်မတော်အစိုးရလက်ထက် အသင်းအဖြစ်ကနေ ပါတီအဖြစ် အသွင်ကူးပြောင်းစဉ်ကတည်းက ရှင်းရှင်းလင်းလင်း ရှိပြီးသားဖြစ်တယ်လို့သာ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရီကတော့ စီးပွားရေးတာဝန်ခံကိုသာ မေးဖို့ ညွန်းတဲ့အတွက် Frontierက ဆက်လက် မေးမြန်းရာမှာတော့ ယခင်က ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင် တာဝန်ယူခဲ့တဲ့ ဒီရာထူးကို အခုဘယ်သူ တာဝန်ယူမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့လည်း ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်သစ်တွေအဖြစ် ဦးသန်းဌေးက ဥက္ကဋ္ဌ၊ ဦးမြတ်ဟိန်းက ဒုဥက္ကဋ္ဌ၊ ဦးသက်နိုင်ဝင်းက အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဦးကျော်ကျော်ဌေး၊ ဦးတင်အောင်ချစ်နဲ့ ဒေါက်တာဒေါ်စန်းစန်းနွယ်တို့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပါတီရဲ့ စည်းကမ်းထိမ်းသိမ်းရေးမှူးအဖြစ် ဦးခင်ရီကို ရွေးချယ်လိုက်ပြီး ဦးစိုးနိုင်က လုပ်ငန်းစစ်အဖြစ် တာဝန်ယူမှာပါ။

ပါတီဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရပြီး လက်ရှိဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်ထံက တာဝန်လွှဲပြောင်းယူတဲ့ ဦးသန်းဌေးဟာ ယခင်အစိုးရ လက်ထက်က ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ယခု ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်သစ်တွေရဲ့ အထက်မှာ ဦးသိန်းစိန်အပါအဝင် ကိုးဦးပါဝင်သည့် ဗဟိုဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဗဟိုဦးဆောင်ကော်မတီမှာ ယခင်ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဦးသောင်း၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွတ်၊ သူရဦးမြင့်မောင်နဲ့ ဦးခင်အောင်မြင့်တို့ ပါဝင်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ပါတီဥက္ကဋ္ဌအသီးသီးကိုလည်း ပါတီညီလာခံမှာ အသစ်ပြန်လည် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar