အာဆီယံ-တရုတ် လူငယ်စွန့်ဦးတီထွင်ဖိုရမ်သို့ မြန်မာစွန့်ဦးတီထွင်လူငယ်များ တက်ရောက်

ရန်ကုန်၊ ဇူလိုင် ၂၀

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပနေသည့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူငယ်စွန့်ဦးတီထွင် ဖိုရမ်သို့ မြန်မာနိုင်ငံမှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ တက်ရောက်နေကြောင်း သိရသည်။

၉ ကြိမ်မြောက် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လူငယ်စွန့်ဦးတီထွင်သူများ ဖိုရမ်ကို ဇူလိုင် ၁၈ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပလျှက်ရှိရာ မြန်မာနိုင်ငံမှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင် ၁၂ ဦး တက်ရောက်နေခြင်းဖြစ်ကြောင်း အသင်း ဒုဥက္ကဋ္ဌ ဦးဇော်နိုင်သိန်းက ပြောကြားသည်။

အဆိုပါဖိုရမ်ကို အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား သတင်းအချက်အလက်များ ဖလှယ်ရန်နှင့် အနာဂတ်တွင်တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်သည်။

ဖိုရမ်တွင် လမ်းကြောင်းတစ်ခု၊ ရပ်ဝန်းတစ်ခုစီမံကိန်း(Belt and Road Initiative)၊ သတင်းအချက်အလက် နည်းပညာများ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အနေအထား၊ အနာဂတ်တွင် ပိုမိုအာရုံစိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်တို့ကို အဓိကထား တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဇော်နိုင်သိန်းက ပြောသည်။

လူငယ်စွန့်ဦးတီထွင်သူများအနေဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် သတင်းအချက်အလက်များ ပိုမိုဖလှယ်ရေးအတွက် အဆိုပါဖိုရမ်ကို နှစ်စဉ်ကျင်းပနေသည်။

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) သည်  မြန်မာနိုင်ငံ၏ နိုင်ငံကိုယ်စားပြု လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းဖြစ်ပြီး  အာဆီယံ-တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူငယ်စွန့်ဦးတီထွင်သူများ နှင့် အာဆီယံလူငယ်စွန့်ဦးတီထွင်သူများအသင်း (AYEA)တို့၏ တည်ထောင်သူနှင့် အမှုဆောင် အသင်းဝင်လည်း ဖြစ်သည်။ အသင်းဝင် စုစုပေါင်း ၁,၆၀၀ ကျော်ရှိကာ စွန့်ဦးတီထွင်သူများ ဖွံဖြိုးတိုးတက်နိုင်ရန်၊ စီးပွားရေးစနစ် ပိုမိုကောင်းမွန်ရန်နှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အားထည့်ဆောင်ရွက်လျှက်ရှိသည့် အသင်းတစ်သင်းဖြစ်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.