လာမည့်ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပတော့မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ သမ္မတသစ် ဦးဝင်းမြင့် တက်ရောက်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်နှစ်က ဖိလစ်ပိုင်တွင် ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ နှစ်ကြိမ်နှင့် လာအိုတွင် ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ နှစ်ကြိမ်တို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့သည်။
သမ္မတအဖြစ် ပြီးခဲ့သည့်လက စတင်ထမ်းဆောင်ခဲ့သည့် ဦးဝင်းမြင့်အတွက်မူ ယခုထိပ်သီးဆွေးနွေးပွဲသည် သမ္မတအဖြစ် ပထမဆုံး တက်ရောက်သည့် နိုင်ငံတကာဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်သည်။
လာမည့် စနေ့တွေင် ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ သမ္မတဦးဝင်းမြင့် တက်ရောက်မည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားကြောင်း ဂျပန် ကျိုဒိုသတင်းဌာနက ရေးသားထားသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အဘယ်ကြောင့် မတက်ရောက်ဖြစ်သည့်အကြောင်းကိုမူ ၎င်းက ပြောကြားခြင်း မရှိဟုဆိုသည်။
အစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုင်တွယ်ရမည့် ကိစ္စအများအပြား ရှိနေသည်ဟု ပြောကြားကြောင်းလည်း သတင်းတွင် ဆက်လက်ရေးသားထားသည်။
၃၂ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံတွင် ဧပြီ ၂၅ မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။