အသေးစားချေးငွေလုပ်ငန်း DAWN က ဆော့ဖ်ဝဲလ်ဂရုနှင့် ပူးပေါင်း

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အသေးစားအချေးငွေလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် Early Dawn အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီလီမိတက် (DAWN) က ဆော့ဖ်ဝဲလ်ဂရု (Software Group) နှင့် အကျိုးတူပူးပေါင်းလိုက်ကြောင်း မေ ၁၄ ရက်နေ့တွင် ကြေညာသည်။

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ၆ ခုတွင် လုပ်ငန်းများဆောင်ရွက်နေသည့် DAWN သည် အမျိုးသမီးများ အဓိကပါဝင်သည့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် ၂ဝဝ,ဝဝဝ ကျော်အား ငွေကြေးနှင့် ပညာရေးဆိုင်ရာအကူအညီများပေးအပ်နေသည်။

၎င်းတို့အနေနှင့် မြေပြင်လုပ်ငန်းလည်ပတ်ပုံများ၊ လုပ်ငန်းစီးဆင်းပုံများကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲနိုင်ရန်နှင့် ဖောက်သည်များပိုမိုအဆင်ပြေစေရန်အတွက် လုပ်ငန်းခွင်သုံးဒီဂျစ်တယ် အက်ပလီ ကေးရှင်းတစ်ခုဖြစ်သော Digital Field Application (DFA) ဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ ထူးခြားသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးသော လုပ်ငန်းတစ်ခုဖြစ်လာစေဖို့အတွက် DAWN အနေနဲ့ ခေတ်မှီနည်းပညာနှင့် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုသွားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။ DFA စီမံကိန်းကြောင့် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းပျံ့နှံ့ရောက်ရှိမှုကို သေချာ သုံးသပ်နိုင်မှာဖြစ်ပြီး ဝန်ဆောင်မှု မရရှိနိုင်တဲ့နေရာတွေကိုလဲ အရည်အသွေးမြင့် ငွေကြေး ဝန်ဆောင်မှုတွေ ပေးသွားနိုင်မှာဖြစ်ပါတယ်”ဟု DAWN ၏အမှုဆောင်အရာရှိချုပ် Mr.Gonzalo Gonzalez က ပြောကြားသည်။

ဆော့ဖ်ဝဲလ်ဂရု၏ DFA မိုဘိုင်းအက်ပလီကေးရှင်းတွင် မြန်မာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးလုံး ပါဝင်ပြီး DAWN ၏ ငွေချေးဆိုင်ရာတာဝန်ရှိသူများ၏ အန်းဒရိုက်တက်ဘလက် (Android Tablet) တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဖောက်သည်အသစ်များ ဝင်ရောက်လာခြင်း၊ ချေးငွေလျှောက်ထားခြင်း၊ ချေးငွေဆပ်ခြင်းနှင့် အခြားဆက်စပ် ဝန်ဆောင်မှုများ အားလုံးကို ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ဆောင်ရွက်မှုများ အားလုံးကို သက်ဆိုင်ရာ ရုံးခွဲတစ်ခုချင်းစီမှ အပြီးအစီး ကိုယ်တိုင် ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ ဒီဂျစ်တယ်စနစ်နှင့် အလိုအလျောက်စနစ်ကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းအဆင့်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်သွားမည်ဖြစ်သဖြင့် ချေးငွေချပေးရန် အချိန်ကြာမြင့်မှုကိုလည်း ထိထိရောက်ရောက် လျှော့ချနိုင်သွားမည်ဟု DAWN က မျှော်လင့်ထားသည်။

“DFA စီမံကိန်း ပြီးမြောက်အောင်မြင်စေရေးအတွက် Software Group နဲ့ ပူပေါင်းလိုက်ခြင်းကြောင့် ကျွန်တော်တို့ ရုံးတွင်းလုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းပြီးမြောက်မှုစွမ်းအား တိုးတက်လာရုံတင်မကဘဲ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေပါ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရရှိလာမှာဖြစ်ပါတယ်”ဟု Mr.Gonzalo Gonzalez က ပြောကြားသည်။

Early Dawn အသေးစားငွေချေးကုမ္ပဏီလီမီတက်(DAWN)အား Save the Children International ၏အစီအစဉ်တစ်ခုအဖြစ် ၂ဝဝ၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၂ဝ၁၅ခုနှစ်တွင် အဓိက အစုစပ်ဝင်သူ သုံးဦးဖြစ်သည့် Accion International၊ Triodos Investment Management နှင့် FMO (the Dutch Development Bank တို့နှင့်အတူ သီးသန့်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့သည်။

ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တွင် အခြေစိုက်သည့် Software Group သည် ငွေကြေးဝန်ဆောင်မှုပေးသော လုပ်ငန်းအဖွဲ့အစည်းများအား ဒီဂျစ်တယ်နည်းပညာဖြင့် အဆင့်မြင့်တင်ပေးသော ကမ္ဘာ့အဆင့်မီ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.