အသစ်ခန့်အပ်မည့် အရာထမ်းအသစ်များ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ တက်ရောက်ရမည်

ဒီပလိုမာဘွဲ့ပေးမည့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီကျောင်း နှစ်ကျောင်းကို လာမည့် ဇန်နဝါရီလဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး အရည်အချင်းစိစစ် ရွေးချယ်မည့် အရာထမ်းဝန်ထမ်းသစ်များ တက်ရောက်ရမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မိုးဝင်းက Frontier ကိုပြောသည်။

“နိုင်ငံပိုင်သတင်းစာတွေကနေ ဘွဲရပြီးသူတွေကိုခေါ်တဲ့ ပြန်တမ်းဝင်အရာရှိ စာမေးပွဲအောင်ပြီးသား အသစ်ခန့်မယ့် အရာထမ်းလောင်းတွေကို သင်တန်းပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

သို့သော် တာဝန်ထမ်းဆောင်နေသည့် အဆင့်ဆင့်သော ဝန်ထမ်းများအတွက်မူ ဗဟိုဝန်ထမ်းတက္ကသိုလ်၌ အစဉ်အဆက် ဖွင့်လှစ်လျှက်ရှိသော အောင်လက်မှတ်ရ သင်တန်းများ ဆက်လက်ထားရှိမည်ဖြစ်သည်။

“ရှိပြီးဝန်ထမ်းတွေလည်း တက်နိုင်အောင် စီစဉ်သွားဖို့ရှိပါတယ်” ဟု ဦးဇော်မိုးဝင်းက ပြောသည်။

အကယ်ဒီမီကျောင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဖောင်ကြီးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တို့၌ပင် ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။

ပထမဆုံးသော ဒီပလိုမာသင်တန်းနှစ်ခုကို သင်တန်းသားဦးရေ ၁၂၀ ဖြင့် ဖွင့်လှစ်ရန် စီစဉ်နေပြီး စီမံခန့်ခွဲမှု၊ စီးပွားရေး၊ လူမှုရေး၊ ဥပဒေ၊ လူမှုရေးသိပ္ပံ၊ နည်းပညာနှင့် ရုံးလုပ်ငန်းသုံး အင်္ဂလိပ်စာ စသည့်ဘာသာရပ်များ ပို့ချမည်ဖြစ်သည်။

အကယ်ဒမီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှဆရာ၊ ဆရာမများ၊ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဘာသာရပ်ဆိုင်ရာ ပညာရေးဌာနများမှ ဆရာ၊ ဆရာမများက ပို့ချပေးနိုင်ရန် စီစဉ်နေသည်ဟု ဦးဇော်မိုးဝင်းက ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ တွင် သြဂုတ် ၂၅ ရက်နေ့က ပြုလုပ်သော ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေး အကြံပြု အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဇော်မိုးဝင်းက ထိုသို့ စီစဉ်နေကြောင်း အသိပေးခြင်းလည်း ဖြစ်သည်။

အဆိုပါ အကယ်ဒမီနှင့် မဟာဗျူဟာစီမံချက် ရေးဆွဲခြင်းသည် အစိုးရသစ်လက်ထက် လေးလကျော်အတွင်း နိုင်ငံဝန်ထမ်းအခန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး ပြင်ဆင်မှု၏ လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေက “ပိုမိုထိရောက် မှန်ကန်မြန်ဆန်သည့် အုပ်ချုပ်ရေးယန္တရား ဖြစ်လာရန် မျှော်မှန်းထားတာကြောင့် ကျွန်တော်တို့ အနေနဲ့ ဘာဖြစ်ချင်လဲဆိုတာကို စတင် စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ပန်းတိုင်သတ်မှတ်ပြီးသွားရင် ဒီပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်နည်းလမ်းနဲ့ သွားကြမှာလဲ စတဲ့အချက်တွေကို ထပ်မံစဉ်းစား သုံးသပ်ကြရမှာပဲဖြစ်တယ်”ဟု တိုက်တွန်းသွားသည်။

ထိုသို့ အင်စတီကျူးရှင်း တည်ဆောက်နိုင်ရန် ဖွဲ့စည်းတည်ဆောက်မှုပုံစံ မှန်ကန်ရေး၊ အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးကို မောင်းနှင်နေသည့် စနစ်မှန်စေရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာမှန်ကန်ရေးတို့ လိုအပ်သည်ဟုလည်း ဒုတိယသမ္မတက ဆိုသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းကမူ အစိုးရသစ် လမ်းညွှန်ထားသော ပြည်သူ့ယုံကြည်မှုရှိစေရန်၊ ဝန်ဆောင်အလုပ်ကျွေးပြုရန်၊ လူထုဗဟိုပြုဖြစ်လာစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ခံမှုရှိစေရန် ဟူသည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် မဟာဗျူဟာ ရေးဆွဲခြင်းဖြစ်ကြောင်း အသိ ပေးသည်။

ထို့အတူ မြန်မာနိုင်ငံဝန်ထမ်းကဏ္ဍရှိ ကျင့်ဝတ်၊ တန်းတူအခွင့်အရေးများ၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုများနှင့် စပ်လျဉ်းသည့် နိုင်ငံ့ဝန်ထမ်းများ၏ သဘောထားအမြင်များအား လေ့လာ စုဆောင်းထားသည့် စစ်တမ်း အစီရင်ခံစာနှင့် ရလဒ်များကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ဒေါက်တာဝင်းသိမ်းက အသိပေးသည်။

လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာနအသီးသီးမှ ဝန်ထမ်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ တက်ရောက်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သြဂုတ် ၂၆ ရက်နေ့အထိ ကျင်းပသွားရန် ရှိသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ပိုင်ခွင့်တာဝန်နှင့် အခန်းကဏ္ဍ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုများအတွက် လိုအပ်ချက်များ၊ အရည်အချင်းအလိုက် ချီးမြှောက်မှုနှင့် လုပ်ငန်း စွမ်းဆောင်ရည်များနှင့် တန်းတူ အခွင့်အရေးများ၊ ၎င်းတို့နှင့် စပ်လျဉ်းသည့် သဘောအထားအမြင်စစ်တမ်းမှ ကနဦး လေ့လာတွေ့ရှိချက်များ စသဖြင့် ခေါင်းစဉ်အလိုက် ဆွေးနွေးကြမည် ဖြစ်သည်။

ထို့ပြင် လက်ရှိဖွင့်လှစ်နေသော သင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ချဉ်းကပ်ဆောင်ရွက်မှုများနှင့် နည်းစနစ်များ၊ စည်းမျဉ်း စည်းကမ်းများနှင့် အရေးယူ ပြုပြင်မှုဆိုင်ရာ စနစ်များ၊ အရေးယူတည့်မတ်ပေးမှု ကျင့်ထုံးများနှင့် ဘက်လိုက်ခြင်း ကင်းမှုပုံစံများ၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်း အားပေးမြှင့်တင် ရာတွင် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာအခန်းကဏ္ဍစသည်ဖြင့် ကိစ္စရပ်များနှင့် စိန်ခေါ်မှုများကို ဆွေးနွေးကြမည်ဖြစ်သည်။

ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲနိုင်ရေး အဆိုပါဆွေးနွေးပွဲကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့တွဲဖက်ဆောင်ရွက်ခြင်းဖြစ်သည်။ အခမ်းအနားအစပိုင်းတွင် ရှေ့လုပ်ငန်းစဉ်များကို နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ကူညီ ထောက်ပံ့ပေးရန်လည်း ဦးမြင့်ဆွေက ပန်ကြားခဲ့သည်။

လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မှု၏ အခြခံဖြစ်သော စိတ်အားထက်သန်စွာ ဆောင်ရွက်ခြင်းနှင့် အပြောင်းအလဲတွင် စေ့ဆော်မှုများအား မောင်းနှင်မှုများအဖြစ် အသုံးချခြင်း အကြောင်းအရာကို ဦးဆောင်ဆွေးနွေးခဲ့သည့် နယူးဇီလန်နိုင်ငံ၊ ပြည်သူ့ဝန်ထမ်းကော်မရှင် အငြိမ်းစား ဒုတိယကော်မရှင်နာမင်းကြီး Mr. Ryan Orange က “ဒီအပြောင်းအလဲကို ချစ်ပါ၊ မြတ်နိုးပါ၊ ပျော်ပျော်ရွှင်ရွှင်လေး ပြောင်းလဲဖို့လုပ်ကြပါ။ ကျွန်တော်ကတော့ ဒီအပြောင်းအလဲကို ကြည့်ပြီး ပျော်နေပါတယ်” ဟု တိုက်တွန်း သွားသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar