အသက်မွေးဝမ်းကျောင်းပညာကို တန်ဖိုးထားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၁၅

အသက်မွေးဝမ်းကျောင်းပညာမှာ ဒုတိယတန်းစားမဟုတ်သဖြင့် အလေးဂရုပြုရန်လိုသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိဘများကို ယနေ့ တိုက်တွန်းလိုက်သည်။

သားသမီးများကို တက္ကသိုလ်ပညာ သင်ယူစေရန်သာ စိတ်အားထက်သန်လေ့ရှိသည့် မြန်မာမိဘများအနေဖြင့် မိမိရင်သွေး၏ ဗီဇ၊ ဝါသနာနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားခွင့်ပြုရေးကိုလည်း တန်းတူ ထည့်သွင်းစဉ်းစားသင့်သည်ဟု ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်နိုင်တယ်ဆိုတာ လူတစ်ယောက်အတွက် ကံကောင်းဆုံး အရာတစ်ခုပဲလို့ ကျွန်မကတော့ သတ်မှတ်ပါတယ်။ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို ဝင်ငွေရရှိရေးအတွက် လုပ်ရတာထက်စာလို့ရရှိရင် ကိုယ်တစ်ကယ့်ကို စိတ်ပါလို့ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ လုပ်တယ်ဆိုတာဟာ ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်အတွက်ရော အင်မတန် အကျိုးရှိနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ-၂ တွင် ကျင်းပသည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ၏ အဖွင့်မိန့်ခွန်းတွင် ၎င်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများသည် အသက်မွေးဝမ်းကျောင်းပညာကို အထူးတန်ဖိုးထားခဲ့ကြသလို ၎င်းတို့၏ လူ့အဖွဲ့အစည်းကလည်း တက္ကသိုလ်ပညာထက် တစ်ဆင့်နိမ့်သည်ဟု သတ်မှတ်မှုမျိုး မရှိကြဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့သည်။

“သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ အသက်မွေးဝမ်းကျောင်းပညာသင်တာ ရှက်စရာမဟုတ်ဘူး။ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဒီလိုင်းကို လိုက်တယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ အောင်မြင်စွာထူထောင်နိုင်ရန်နှင့် လက်တွေ့အလုပ်ဖြစ်ရန် ကိစ္စမှာ အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများပေါ်တွင်သာ မူတည်မနေဘဲ ကျောင်းသား၊ မိဘနှင့် လုပ်ငန်းရှင်များ အားလုံးပါဝင်မှဖြစ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ကြောင့် ယခုနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသော အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူတို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ရှာဖွေကြရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိမ်းကြီးကမူ နည်းပညာနှင့် အသက်မွေးပညာ သင်ကြားရေးကိစ္စများတွင် ပုဂ္ဂလိကကဏ္ဍနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံနေကြောင်း အသိပေးသည်။

လက်ရှိ တစ်နိုင်ငံလုံးတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားနေသည့် ကောလိပ်၊ သိပ္ပံနှင့် သင်တန်းကျောင်း ၁၈၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ထို့အတူ ၂၀၃၅ ခုနှစ်ရောက်သည်အထိ အသက် ၁၅နှစ်မှ ၆၄ နှစ်အရွယ် အလုပ်လုပ်နိုင်သူဦးရေ သန်း ၄၀ ကျော်ရှိနေမည်ဟု ပညာရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး ၎င်းတို့အတွက် နည်းပညာနှင့် အသက်မွေးပညာများ သင်ကြားပေးနိုင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar