အဝေးရောက်ဝန်ကြီးချုပ်တစ်ဦး ပြည်တော်ပြန်ချိန်

ရှုပ်ထွေးပွေလီလှသောမြန်မာ့နိုင်ငံရေးတွင် နိုင်ငံ၏နာမည်အကြီးဆုံးမိသားစုဝင်အချို့၏ အကောင်းဆုံးအချိန်များသည် ရုန်းကန်တော်လှန်မှုများဖြင့်သာ ကုန်ဆုံးခဲ့ရသည်။

နန္ဒ

တောင်ဥက္ကလာပမြို့နယ်က သီလ(၁၀)လမ်းသို့ သြဂုတ်လဒုတိယပတ်မှစတင်ကာ သတင်းသမားများတစ်ဖွဲဖွဲရောက်လာကြသည်။အိမ်ရှေ့တွင်ယုဇနပင်စိုက်ထားသည့်လုံးချင်းအိမ်လေးထဲတွင် ပင်နီတိုက်ပုံဝတ်ပိန်ပိန်ပါးပါးလူကြီးတစ်ယောက် အင်တာဗျူးများဆက်တိုက်ဖြေနေရသည်ကိုလမ်းသူလမ်းသားများတွေ့နေရသည်။ထိုလူကြီး၏မျက်နှာသည်သူတို့ရင်းရင်းနှီးနှီးရှိနေသည့်မျက်နှာတစ်ချို့နှင့်ဆင်နေသည်ကိုလည်းသူတို့သတိထားမိပါသည်။

အဆိုပါပုဂ္ဂိုလ်ကြီး၏ဖခင်နှင့်ဦးလေးသည် ၁၉၄၇ခုနှစ်၊ဇူလိုင်၁၉တွင် တစ်ရက်ထဲလုပ်ကြံခံခဲ့ကြရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုအာဇာနည်ဦးဘဝင်း၏သား ဒေါက်တာစိန်ဝင်းတစ်ယောက်မြန်မာပြည် သို့ပြန်ရောက်နေခြင်းဖြစ်ပါသည်။

အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်အိမ်ကထွက်သွားသောဒေါက်တာစိန်ဝင်းတစ်ယောက်မြန်မာပြည်ပြန်ရောက်ရန် ဆယ်စုနှစ်သုံးခုနီးပါးကြာစောင့်စားခဲ့ရသည်။ သို့သော်သူပြည်ဝင်ခွင့်ပိတ်ပင်ခံထားရသည့်အကြောင်းမှာ ညီမဝမ်းကွဲဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အကြောင်းလောက် လူပြောမများခဲ့ပေ။

သူနှင့်တွဲလျက်နာမည်ကြီးသည်မှာ “စင်ပြိုင်အစိုးရအဖွဲ့” ဝန်ကြီးချုပ်ရာထူးပင်။ သင်္ချာပညာရှင်ဖြစ်ချင်ခဲ့သော်လည်းဒေါက်တာစိန်ဝင်းသည်ရှစ်လေးလုံးအရေးတော်ပုံ၏နိုင်ငံရေး အလှည့်အပြောင်းအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏မဟာမိတ် အမျိုးသားဒီမိုကရေစီပါတီ၏ဥက္ကဌ ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ဇာတိ“ပေါက်ခေါင်း”မှ၁၉၉၀ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရပြီးခက်ခက်ခဲခဲယှဉ်ပြိုင်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး၏ရုပ်ဆိုးအကျည်းတန်မှုတစ်ခုဖြစ်သော“၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုစစ်အစိုးရကအသိအမှတ်မပြုမှု”သည် စင်ပြိုင်အစိုးရဟုနာမည်ကြီးသော “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)” ကိုပေါ်ပေါက်စေခဲ့သည်။ “မာနယ်ပလော”တွင် ၁၉၉၀ဒီဇင်ဘာ၁၈ရက်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို ့၊တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို ့နှင့်တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်ချို့တို့ဖြင့်The National Coalition Government of the Union of Burma (NCGUB)ကိုဖွဲ့စည်းခဲ့သည်။ ထို့နောက် အမေရိကသို့ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီး ပြည်တွင်း၌NLDပါတီလှုပ်ရှား၍မရချိန် အဝေးရောက်အစိုးရအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်ပမှလှုပ်ရှားခဲ့ကြသည်။

“အိမ်ကိုသတိရတာပေါ့။ဒါပေမယ့်ပြည်တွင်းကနိုင်ငံရေးသမားတွေ ဖမ်းဆီးနှိပ်စက်ထောင်ချခံရတာ နဲ့စာရင်ကိုယ်ကြုံရတဲ့ကိစ္စကဘာဟုတ်မှာလဲ”ဟု ဒေါက်တာစိန်ဝင်းကပြောသည်။

ဒေါက်တာစိန်ဝင်းသည် အဝေးရောက်အစိုးရကိုဦးဆောင်ပြီး ကုလသမဂ္ဂမှတစ်ဆင့်စစ်အစိုးရကိုှဖိအားပေးခဲ့ကာ နော်ဝေအစိုးရအကူအညီဖြင့် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) တည်ထောင်ရာတွင်ပါဝင်ခဲ့သူဖြစ်သည်။

စစ်အစိုးရခေတ်သတင်းစာများတွင်“ ပြည်ပြေးစိန်ဝင်း”ဟုအမည်တပ်ခံခဲ့ရပြီး ပြည်တွင်းမှအဖျက်လုပ်ရပ်အချို့ကို ၎င်းတို့လက်ချက်ဟုစွပ်စွဲခဲ့သည်။

“အဲ့ဒါတွေမလုပ်ခဲ့ပါဘူးကွာ”ဟု ဒေါက်တာစိန်ဝင်းကငြင်းဆိုသည်။

မြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင် ပြည်တွင်းအင်အားစုများ၏စွမ်းဆောင်မှုကအဓိကကျခဲ့ပြီး “ဒီပဲရင်းဖြစ်စဉ်”နှင့်“၂၀၀၇ရွှေဝါရောင်တော်လှန်ရေး”ကစစ်အစိုးရကို နိုင်ငံရေးမှဆုတ်ခွာသွားစေသည့်အဓိကအကြောင်းရင်းနှစ်ခုဟု သူကရှုမြင်သည်။

စင်ပြိုင်အစိုးရအာင်မြင်မှုကိုမေးခွန်းထုတ်သူအချို့ရှိခဲ့သော်လည်း ဒေါက်တာစိန်ဝင်းတို့အစုအဖွဲ့၏စွမ်းဆောင်မှုကို သံသယမရှိခဲ့ကြပေ။

“သူလုပ်နိုင်တာအားလုံးကိုလုပ်ခဲ့တယ်လို့မြင်ပါတယ်။”၁၉၉၀ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သည့် ဦးဒေးဗစ်လှမြင့်ကပြောသည်။

ဒေါက်တာစိန်ဝင်းသည် ပြန်ရောက်လျှင်ရောက်ချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသူရဦးတင်ဦးအပါအဝင် NLDလုပ်ဖော်ကိုင်ဘက်ဟောင်းများနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

သို့သော် နိုင်ငံရေးတွင်တာဝန်တစ်ခုရယူပြီးပါဝင်ပတ်သက်တော့မည်မဟုတ်ဘဲ ဖြတ်သန်းလာသည့်အတွေ့အကြုံများအရ အကြံပေးမှုသာ လုပ်ဆောင်မည်ဟုဆိုသည်။

ဝါရင့်နိုင်ငံရေးသမားဦးသုဝေကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါက်တာစိန်ဝင်းတို့အဝေးရောက်အစိုးရအဖွဲ့ဝင်များကိုနေရာမပေးမှုအားနားမလည်နိုင်အောင်ဖြစ်ရ ကြောင်းပြောသည်။

“ဒေါက်တာစိန်ဝင်းတို့အဖွဲ့ကNLDကိုတောက်လျှောက်အပြင်ကနေအားဖြည့်ပေးခဲ့တာလေ။အခြေအနေကောင်းလာတော့ဘာကြောင့်နေရာမပေးလဲ။မစဉ်းစားတတ်ဘူးဗျ”ဟု၎င်းကပြောသည်။

နိုင်ငံတကာကလည်း စင်ပြိုင်အစိုးရထက် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပိုမိုအာရုံစိုက်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကမူ အဝေးရောက်အစိုးရအဖွဲ့၏ဒီမိုကရေစီရေးလှုပ်ရှားမှုကို အလေးအနက်ထားကာ ၎င်းတို့ကိုနေရာမပေးခြင်းမဟုတ်ဘဲပြည်ပရောက်သွားသဖြင့်ပြည်တွင်းနိုင်ငံရေးနှင့်အဆက်ပြတ် သွားခြင်းသာဖြစ်ကြောင်း ပြောသည်။

ဒေါက်တာစိန်ဝင်း၏အမျိုးသားဒီမိုကရေစီပါတီမှဦးစိုးဝင်းနှင့်ဦးသိန်းဦးတို့အား ပါတီ၏အရေးကြီးတာဝန်များထမ်းဆောင်စေခဲ့ကြောင်း ရှင်းပြသည်။

NLDဝင်မပြိုင်သော၂၀၁၀ရွေးကောက်ပွဲသည်မြန်မာ့နိုင်ငံရေးအတွက်အဖြေမဟုတ်ဟုစင်ပြိုင်အစိုးရကကြေညာခဲ့သော်လည်း၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကို NLD ဝင်ပြိုင်ပြီးနောက် စင်ပြိုင်အစိုးရကို ၂၀၁၂စက်တင်ဘာ ၁၄ ရက်တွင်ဖျက်သိမ်းခဲ့သည်။

သို့သော်စင်ပြိုင်အစိုးရ၏ဝန်ကြီးချုပ်သည် ချက်ချင်းအိမ်ပြန်ခဲ့ရသည်တော့မဟုတ်ပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၂၀၁၈ခုနှစ ်ဇွန်လ၈ရက်မှသာ စင်ပြိုင်အစိုးရကို မတရားအသင်းမှပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီလောက်အထိအိမ်ပြန်နောက်ကျတာ NLDအစိုးရမျက်နှာပူဖို့ကောင်းတယ်”ဟု ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကဝေဖန်သည်။

ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ကြန့်ကြာသွားရခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ကပြောသည်။

ဒေါက်တာစိန်ဝင်းသည်ဖခင်ဖြစ်သူနှင့်ဦးလေးဖြစ်သူတစ်ရက်ထဲလုပ်ကြံခံခဲ့ရသည့်၁၉၄၇ ခုနှစ်ဇူလိုင်၁၉ရက်တွင်အသက်၃နှစ်သာရှိသေးသည်။ သူသည် စစ်အစိုးရကအမည်ပျက်စာရင်းသွင်းထားခဲ့၍ ပြီးခဲ့သည့်နှစ်ပေါင်းသုံးဆယ်အတွင်း အာဇာနည်နေ့များတွင် အာဇာနည်ဗိမာန်သို့တက်ရောက်ဂါရဝပြုခွင့်ဆုံးရှုံးခဲ့ရသူလည်းဖြစ်သည်။သူသည် ရန်ကုန်တက္ကသိုလ်မှသင်္ချာဂုဏ်ထူးတန်းဖြင့်ဘွဲ့ရပြီး ဂျာမနီနိုင်ငံဟမ်းဘတ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့နှင့်ဒေါက်တာဘွဲ့ရရှိခဲ့သည်။

ပညာရှင်တစ်ယောက်အဖြစ်အိမ်မက်ခဲ့သော်လည်း တော်လှန်ရေးသမားဖြစ်လာရခြင်းမှာ ပေး ဆပ်လိုက်ရခြင်းမဟုတ်ဘဲ မိမိ၏ရွေးချယ်မှုကြောင့်ဟုသူကခံယူသည်။သို့သော် မိသားစုဝင်များကသာ သူ၏ရွေးချယ်မှုကြောင့် ပေးဆပ်ရသည်ဟု သူကစာနာသည်။

သူအိမ်ကထွက်သွားပြီးဆယ်နှစ်ကြာမှ ဇနီးနှင့်သားမှာအမေရိကားသို့လိုက်လာနိုင်ခဲ့ကြသည်။

သူသည် ညီမဝမ်းကွဲဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏ သင်ပုန်းချေခြင်းအနုပညာကို အလေးအနက်ထားပြောဆိုခဲ့သည်။နိုင်ငံတကာတွင်အနားယူသွားပြီးမှအရေးယူခံရသည့်ခေါင်းဆောင်အရေအတွက်တိုးပွားလာနေပြီးအဆိုပါဖြစ်ရပ်များနှင့်နှိုင်းယှဉ်ပါက ဒေါ်အောင်ဆန်းစုကြည်၏ခွင့်လွှတ်နိုင်မှုမှာ ချီးကျူးစရာကောင်းကြောင်း သူကပြောသည်။

ဒေါက်တာစိန်ဝင်းသည် ၎င်း၏နိုင်ငံရေးဖြတ်သန်းမှုအရအာဏာရှင်ဗိုလ်ချုပ်ကြီးများနှင့် တောက်လျှောက်ကြုံတွေ့ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည်”လုပ်ချင်ရာလုပ်ခဲ့သူ”ဟု သူကဆိုသည်။ ဗိုလ်ချုပ်မှုးကြီးစောမောင်မှာပြောသင့်ပြောထိုက်သည့်စကား(“ရွေးကောက်ပွဲအနိုင်ရပါတီကိုအာဏာလွှဲပေးပြီးလျှင်တပ်မတော်ကစစ်တန်းလျားပြန်မည်”ဟူသောစကားကိုဆိုလိုသည်။)ကိုပြောပြီး ဇာတ်သိမ်းမလှခဲ့ကြောင်း သူကပြောသည်။ဗိုလ်ချုပ်ကြီးခင်ညွန့်က ရက်စက်သူဟုသူကပြောပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား ၂၀၁၀ရွေးကောက်ပွဲကျင်းပပေးပြီး အနားယူသွားလိမ့်မည်ဟု မထင်ခဲ့မိကြောင်းပြောသည်။

အသက် ၇၅ နှစ်အတွင်းဝင်လာပြီဖြစ်သောဒေါက်တာစိန်ဝင်းသည် ဘဝ၏လက်ကျန်အချိန်များကို ဇနီး၊သားနှစ်ယောက်နှင့်ဆွေမျိုးမိတ်သင်္ဂဟများနှင့်အေးချမ်းစွာဖြတ်သန်းသွားမည်ဟုဆိုသည်။

ကတုံးဆံထောက်နှင့် တောင်တွင်းကြီးသားသည်စကားကိုညင်ညင်သာသာပြောတတ်ပြီး ရွှေတိဂုံစေတီတော်ကိုမိသားစုနှင့်သွားဖူးခဲ့ရသည့်အကြောင်း ဝမ်းသာအားရပြောပြသည်။မြန်မာနိုင်ငံသို့ပြန်ရောက်ပြီးနောက် အသွားချင်ဆုံးမြို့မှာသူ၏မဲဆန္ဒနယ် ”ပေါက်ခေါင်း”ဟုဆိုသည်။

“ကိုယ့်မဲဆန္ဒနယ်ကိုသွားကြည့်ချင်တယ်။ဒါပေမယ့်၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုတော့ သမိုင်းထဲမှာထားခဲ့ရတော့မှာပေါ့”ဟုဒေါက်တာစိန်ဝင်းကပြောသည်။

ဒေါက်တာစိန်ဝင်းနှင့်ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးလှုပ်ရှားမှုကာလအတွင်း ဖခင်များကိုအတူဆုံးရှုံးခဲ့ရသလို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် မိသားစုဝင်များနှင့်ကွဲကွာခဲ့ရသည့် ကံကြမ္မာချင်းလည်းတူညီသည်။

အာဇာနည်ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ကျော်ကြားမှုကိုမမှီပေ။ ဒေါက်တာစိန်ဝင်းသည်လည်းဒေါ်အောင်ဆန်းစုကြည်လောက်နာမည်မကြီးပါ။ခြံအမှတ်(၅၁)သည်လည်းခြံအမှတ်(၅၄)လောက်နာမည်လူသိမများ။ NCGUB သည်လည်း NLD အတွက်ငြမ်းသာဖြစ်ခဲ့သည်။

သို့သော် ဒေါက်တာစိန်ဝင်းက “ဘဝမှာလုပ်ခဲ့တာတွေအတွက် နောင်တရစရာမရှိပါဘူး”ဟု ပြောပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar