အလဲဗင်းအမှုကိစ္စ စာနယ်ဇင်းကောင်စီက တိုင်းအစိုးရနှင့် နေ့စဉ်ညှိနှိုင်း ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အလဲဗင်းမီဒီယာမှ အမှုဆောင်အရာရှိချုပ်နှင့် စာတည်းမှူးချုပ်တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲဆိုထားသည့်ကိစ္စအား စာနယ်ဇင်းကောင်စီက ကြားဝင် စေ့စပ်ညှိနှိုင်းပေးရန် နေ့စဉ်ဆောင်ရွက်နေကြောင်း ကောင်စီ၏ အတွင်းရေးမှူး ဦးသီဟစောကပြောသည်။

ယမန်နေ့ကလည်း စာနယ်ဇင်းကောင်စီက အရေးပေါ်အစည်းအဝေးတစ်ရပ်အား ကျင်းပခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်၍ စည်းဝေး ညှိနှိုင်းတိုင်ပင်ခြင်းဖြစ်ကြောင်း ကောင်စီအဖွဲ့ဝင်များက အတည်ပြု ပြောကြားသည်။

“အသေးစိတ်အခြေအနေတွေကိုတော့ သတင်းမီဒီယာနဲ့ ပြင်ပကိုမပြောဖို့ တိုင်းအစိုးရက တောင်းဆိုတဲ့အတွက် ကတိပေးထားပါတယ်။ သူတို့က အခြေအနေတွေ ပိုရှုပ်ထွေးသွားမှာ စိုးရိမ်တယ်လို့ ပြောတယ်” ဟု ဝါရင့်သတင်းစာဆရာတစ်ဦးလည်းဖြစ်သူ ဦးသီဟစောက Frontier ကိုပြောကြားသည်။

စာနယ်ဇင်းကောင်စီသည် တိုင်းဒေသကြီးအစိုးရနှင့် လူပုဂ္ဂိုလ်ချင်း မတွေ့ဆုံရသည့် နေ့များတွင်ပင် စာဖြင့် နေ့စဉ်ညှိနှိုင်းနေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် တိုင်းဒေသကြီးအစိုးရက အလဲဗင်းမီဒီယာအား ရာဇဝတ်ကြောင်းအရ တရားစွဲဆိုထားသဖြင့် ဥပဒေအရ စာနယ်ဇင်းကောင်စီအနေဖြင့် တရားဝင် ကြားဝင်ဆောင်ရွက်၍ မရဘဲဖြစ်နေပြီး အခြားနည်းလမ်းဖြင့် ချဉ်းကပ် ဆောင်ရွက်နေရသည်ဟု ကောင်စီဝင်များကဆိုသည်။

“အကယ်၍ စာနယ်ဇင်းကောင်စီက ကြားဝင်ဆောင်ရွက်ပေးလို့ရတဲ့ အခြေအနေဖြစ်လာရင်တော့ ဒီကိစ္စမှာ မီဒီယာဘက်က မှားလား၊ အစိုးရဘက်က လွဲသလားဆိုတာ စုံစမ်းစစ်ဆေးလို့ရပါတယ်။ ပြီးတော့မှ ဘယ်သူမှားတယ်ဆိုတာ ပေါ်လာတော့မှ အဲဒီအခြေအနေကို ဘယ်လို ဆက်ဆောင်ရွက်မယ်ဆိုတာက ကာယကံရှင်ရဲ့ သဘောထားဖြစ်လာပါလိမ့်မယ်”ဟု ဦးသီဟစောကပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လက်ပတ်နာရီကိစ္စအား လူမှုကွန်ယက်တွင် မဟုတ်မမှန် ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် အလဲဗင်းမီဒီယာမှ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် ဒေးလီးအလဲဗင်းသတင်းစာ စာတည်းချုပ် ဦးဝေဖြိုးတို့အား တိုင်းအစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် ၎င်းတို့နှစ်ဦး အဖမ်းခံခဲ့ရသည်။

၎င်းတို့အဖမ်းခံရပြီး နောက်တစ်နေ့တွင် စာနယ်ဇင်းကောင်စီက ကြားဝင် ဆောင်ရွက်ပေးပါရန် အလဲဗင်းမီဒီယာက မေတ္တာရပ်ခံစာ ပေးပို့တင်ပြခဲ့သည်။

အမှုနှင့် ပတ်သက်ပြီး အလဲဗင်းမီဒီယာဘက်က ပြင်ဆင်ဆောင်ရွက်နေသည့် လက်ရှိအခြေအနေများအား သိရှိနိုင်ရန် Frontier က ဆက်သွယ်ခဲ့သေးသော်လည်း အမှုဆောင်အယ်ဒီတာနှင့် သတင်းထောက်ချုပ်တို့က တစ်စုံတရာ ပြောကြားရန် ငြင်းဆန်ခဲ့ကြပြီး မန်နေဂျင်းအယ်ဒီတာကိုမူ ဆက်သွယ်၍ မရခဲ့ပေ။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar