အလုပ်အကိုင်ရသော ပညာရေးစနစ်သို့ ငါးနှစ်အတွင်း ပြောင်းရန် အတိုင်ပင်ခံ တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

ကျောင်းသားလူငယ်များနဲ့ အရွယ်ရောက်ပြီးသူတွေ ဘဝတစ်သက်စာ ဆည်းပူးနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ ငါးနှစ်အတွင်း အပြောင်းအလဲလုပ်ရန် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“ဒီပြောင်းလဲပေးရမှာက ပညာရေးကနေ စရမှာပဲ။ အမျိုးသားမဟာဗျူဟာစီမံကိန်းကို ချမှတ်တာကတော့ ဟုတ်ပါတယ်။ စီမံကိန်းအောင်မြင်ဖို့အတွက် အဓိက ဘာလိုအပ်သလဲဆိုတာ အားလုံး စဉ်းစားရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ပြုလုပ်တဲ့ “အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၁)” စတင်ခြင်း အခမ်းအနားရဲ့ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပညာရရှိရေးမှာ အရေးအကြီးဆုံးက သင်ယူချင်စိတ်ဖြစ်ပြီး မူဝါဒတွေကို ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ပညာရေးဝန်ထမ်းများအနေနဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးကို အသက်ကြီးငယ်မရွေး သင်ယူချင်စိတ်များ ဖြစ်ထွန်းလာစေရန် ကြိုးပမ်းဖို့လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ပါတယ်။

“ဘယ်လိုပဲစီမံကိန်းတွေ ရေးဆွဲရေးဆွဲ၊ အောင်မြင်မှုဆိုတာဟာ ပါဝင်တဲ့သူတွေအားလုံးဟာ အောင်မြင်ရေးတရားကို ဦးတည်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပညာရေးစီမံကိန်းများကို ဦးဆောင်ပြီးတော့ အကောင်အထည်ဖော်နေတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ သူတို့ကိုယ်တိုင် သင်ယူစရာ အများကြီးရှိသေးတယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ မွေးမြူဖို့ အင်မတန် အရေးကြီးပါတယ်” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါသေးတယ်။

ဒီ ပညာရေးဆိုင်ရာ မဟာဗျူဟာကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့ပါဝင်တဲ့ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် ပထမဆုံး ရေးဆွဲတဲ့ ဘတ်ဂျက်မှာတော့ ပညာရေးကဏ္ဍဟာ စတုတ္ထနေရာမှာရှိနေပြီး အသုံးစရိတ်စုစုပေါင်းရဲ့ ၈ ဒသမ ၄၄ ရာခိုင်နှုန်း သုံးစွဲဖို့ လျာထားတာတွေ့ရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar