ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခံခဲ့ရသည့် ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်း။ ဓာတ်ပုံ – ကျော်ဖုန်းကျော်
ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ လုပ်ခတိုးရရှိရေးအတွက် ဆန္ဒပြရာတွင် ကူညီပေးခဲ့သည့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူနှစ်ဦးအား ရန်ကင်းမြို့နယ်တရားရုံးက ဒီဇင်ဘာ ၁၇ ရက်တွင် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်သည်။
ယခုထောင်ချခံရသည့် ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့ ညီအစ်ကိုနှစ်ဦးသည် ပြီးခဲ့သည့်ကိုးလခန့်က အလုပ်သမားများဆန္ဒပြမှုတွင် ဆူပူအုံကြွအောင် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် မြို့နယ်အုပ်ချုပ်ရေးဌာနမှ အရာရှိတစ်ဦးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရန်ကင်းတရားရုံးက ယင်းပုဒ်မနှင့် ချမှတ်နိုင်သည့် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။
“တရားခံများသည် အလုပ်သမားများက အကူအညီတောင်းသဖြင့် ကူညီပေးခဲ့သည်ဟု ခုခံထွက်ဆိုသော်လည်း ၎င်းတို့က အလုပ်သမားများနှင့် တာဝန်ရှိသူအရာရှိများအကြား ပဋိပက္ခများဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သည်ကို အထင်အရှား တွေ့ရသည်”ဟု မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ရာတွင်ထည့်သွင်းေြပာကြားခဲ့သည်။
ကိုသူဇော်ကြည်ဝင်းက “ကျွန်တော်တို့ကို အခုလိုလုပ်တာဟာ အလုပ်သမားအရေးကိစ္စနဲ့ပတ်သက်လို့ ထပ်ပြီး ဖိနှိပ်လိုက်တာပါပဲ” ဟု ပြောကြားသည်။
“အစိုးရသက်တမ်း ကုန်ခါနီးမှာတောင် အလုပ်သမားအရေးကိစ္စတွေကို မဖြေရှင်းဘဲ ဒီလိုလုပ်နေတယ်။ သူတို့က ဘတ်ဂျက်တောင်းဖို့လောက်ပဲ စိတ်ဝင်စားနေတယ်။ ကျွန်တော်ကတော့ အစိုးရကိုယ်စား ရှက်မိတယ်”ဟုလည်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
၎င်းတို့၏ရှေ့နေဖြစ်သူ ကိုနေလင်းအောင်က ယခုအမှုကို ခရိုင်တရားရုံးသို့ အယူခံဝင်သွားမည်ဟု ပြောကြားခဲ့ပြီး “နောင်အစိုးရလက်ထက်မှာတော့ တရားစီရင်ရေးမဏ္ဍိုင် တည့်တည့်မတ်မတ်သွားနိုင်အောင် လုပ်ပါလို့ပဲ ပြောချင်ပါတော့တယ်ဗျာ”ဟု ဆိုခဲ့သည်။
ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့သည် အမိန့်မချမီကတည်းက အကျဉ်းချခံေနခဲ့ရပြီး ကိုးလကြာ အကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ အလားတူ အလုပ်သမား ကိုးဦး၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်နှစ်ဦးမှာလည်း ၎င်းတို့နှင့်အတူ ယင်းဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။