အလုပ်သမားသပိတ်အဖွဲ့နှင့် အာဏာပိုင်တို့ ထိပ်တိုက်မတွေ့ရန် ကြိုးပမ်းမှု လိပ်ခဲတည်းလည်း ဖြစ်နေဆဲ

နေပြည်တော်၊ မေ ၁၇

မိုင် ၂၀၀ ကျော်ကွာဝေးသည့် စစ်ကိုင်းမြို့မှ နေပြည်တော်သို့ ချီတက်လာသည့် အလုပ်သမားသပိတ်အဖွဲ့နှင့် နေပြည်တော်အာဏာပိုင်တို့အကြား ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲနိုင်ရေး ညှိနှိုင်းမှုများမှာ လိပ်ခဲတည်းလည်းဖြစ်နေဆဲဖြစ်ကြောင်း Frontier က မေးမြန်းမှုများအရ သိရသည်။

အာဏာပိုင်တို့က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေသို့ သပိတ်တပ်ဖွဲ့ ချီတက်ဝင်ရောက်လာမည်ကို မလိုလားသလို၊ အလုပ်သမားတို့ကလည်း တောင်းဆိုချက်များမရရှိပဲ ချီတက်မှုကို မစွန့်လွှတ်ဟုဆိုသောကြောင့် အဆိုပါ အခြေအနေ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

လူ ၁၀၀ ခန့်ပါဝင်သည်ဟု ကြွေးကြော်ထားသော အလုပ်သမားသပိတ်တပ်သည် ယခုအခါ ရမည်းသင်းမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အစပ်သို့ ရောက်ရှိနေပြီး နေပြည်တော်အဝင် တပ်ကုန်းမြို့နယ်အစပ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အတားအဆီးများဖြင့် လုံခြုံရေးချထားသည့် နေရာနှင့် ငါးမိုင်ခန့်သာ ကွာဝေးတော့သည်။

သပိတ်ခေါင်းဆောင်များနှင့် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် လေးဦးတို့ ယမန်နေ့က တွေ့ဆုံညှိနှိုင်းပြီးနောက် ရရှိထားသည့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင်လည်း လွဲချော်မှုများရှိနေသေးသည်။

သဘောတူညီချက်အရ အလုပ်သမားသပိတ်တပ်သည် သက်ဆိုင်သူအားလုံးပါဝင်မည့် လွှတ်တော်၏ ကြားနာမှုကို လက်ခံ၍ ဆွေးနွေးမှု မပြီးမချင်း အာဏာပိုင်တို့ စီစဉ်ပေးသည့် နေရာတွင် သပိတ်တပ်ကို ရပ်နားထားရန် ဖြစ်သည်။ သို့သော် ယနေ့ ညနေပိုင်းအထိ အလုပ်သမားတို့က ပေးပို့ရမည့် ကြားနာမှု ပြုလုပ်ပေးပါရန် တောင်းဆိုစာမှာ ၎င်းတို့ လက်ဝယ်မရောက်သေးဟု ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန် (ခ) ဦးတင်သစ်က Frontier ကို ပြောသည်။

“နေပြည်တော်အဝင်မှာ နေပြည်တော်ကောင်စီက စီစဉ်ဆောင်ရွက်နေတဲ့ နေရာထိုင်ခင်းတွေ ရှိပါတယ်။ ရမည်းသင်းနဲ့ တပ်ကုန်းမြို့နယ်အဝင် အစပ်မှာပါ။ နေပြည်တော်ကောင်စီ၊ လွှတ်တော်နဲ့ အလုပ်သမားတွေ ထပ်ပြီး စကားပြောဖို့ ရှိပါလိမ့်ဦးမယ်။ တောင်းဆိုတာတွေကို ဖြေရှင်းပေးတာကတော့ အုပ်ချုပ်ရေးအပိုင်းကပဲ ဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

သပိတ်အဖွဲ့ခါင်းဆောင် ကိုခိုင်မင်းကမူ နေရာထိုင်ခင်း မည်သို့ စီစဉ်ထားသည်ကို ယနေ့ညနေပိုင်းတွင် အကြောင်းပြန်မည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့က ပြောသောကြောင့် စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ပြောသည်။ ကြားနာပွဲပြုလုပ်ပေးရန် လွှတ်တော်သို့ တောင်းဆိုသည့်စာမှာ လက်ဝယ်တွင်ရှိသော်လည်း အလုပ်ရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို အရေးယူပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်လျှောက်ထားသည့် လုပ်ငန်းစဉ် ကြန့်ကြာမှုကြောင့် ယခုအချိန်အထိ မပေးပို့ရသေးခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မေ ၁၈ ရက် နံနက်ပိုင်းတွင် ဆက်လက်ချီတက်ကြမည့် သပိတ်တပ်ဖွဲ့နှင့် အာဏာပိုင်တို့ တပ်ကုန်း မြို့နယ်အဝင်တွင် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အခြေအနေမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

“စာချွန်တော်ကိစ္စကို တရားလွှတ်တော်ချုပ်က ကိုယ်စားလှယ် လွှဲစာလိုတယ်ဆိုပြီး ပြန်လွှဲလိုက်တာ။ နေပြည်တော် တပ်ကုန်းတရားရုံးမှာ လုပ်ရမှာပါ။ ကိုယ်စားလှယ်လွှဲစာ(အလုပ်သမားတို့က ကိုခိုင်မင်းအား ကိုယ်စားလှယ်အဖြစ် လွှဲအပ်ကြောင်း ရုံးစာ) လုပ်ရမှာဆိုတော့ တပ်ကုန်းဂိတ်တွေကို ဖြတ်သွားမှာဖြစ်ပါတယ်။ သပိတ်တပ်ကြီးနဲ့ တပ်ကုန်းမှာ ကိုယ်စားလှယ်လွှဲစာ သွားလုပ်မှာဖြစ်ပါတယ်” ဟု ကိုခိုင်မင်းက ယနေ့ ညနေပိုင်းတွင် Frontier ကို ပြောသည်။

သို့သော် သူ၏ သပိတ်တပ်ဖွဲ့သည် အာဏာပိုင်တို့ စီစဉ်ပေးသည့် နေရာသို့ အေးအေးချမ်းချမ်း ချီတက်၍ လွှတ်တော်တွင်း ကြားနာပွဲကို စောင့်ဆိုင်းရန် မျှော်လင့်ထားကြောင်းလည်း ကိုခိုင်မင်းက ဆိုသည်။

နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်ကမူ တတ်နိုင်သမျှ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် ပြင်ဆင်ထားသည်ဟု Frontier ကိုပြောသည်။

“သတ်မှတ်ထားတဲ့နေရာတွေကနေ ကျော်လာရင် အရေးယူဆောင်ရွက်ပါမယ်။ ဖြိုခွဲတာတွေတော့ မလုပ်ပါဘူး။ တတ်နိုင်သလောက် ငြိမ်းငြိမ်းချမ်းနဲ့ လုပ်ပါ့မယ်။ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်လာမယ်ဆိုရင်တော့ အရေးယူပါမယ်” ဟု ၎င်းက ဆိုသည်။

Frontier က ယနေ့မေးမြန်းခဲ့သည့် စစ်ကိုင်းစက်မှုဇုန်ရှိ Myanmar Veneer သစ်ပါးလွှာစက်ရုံ အလုပ်သမားအချို့ကမူ ၎င်းတို့တောင်းဆိုထားသည့် အလုပ်ရှင်အား အရေးယူပေးရေး၊ ဝန်ထမ်းအားလုံး အလုပ်ပြန် ခန့်ပေးရေး၊ အလုပ် ရပ်နားထားစဉ်ကာလအတွက် နစ်နာကြေးရရေးကိစ္စများမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးသည်အထိ မပြေလည်၍ ယခုကဲ့သို့ အကြပ်အတည်းကြုံနေရခြင်းဖြစ်သည်ဟု ပြောကြားသည်။

ဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ကမူ ညှိနှိုင်းမှုများ အစွမ်းကုန်လုပ်ဆောင်ပေးပြီးဖြစ်၍ ထပ်မံဖြည့်ဆည်းပေးရန် မဖြစ်နိုင်တော့ဟု ဆိုသည်။

“ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတာကို လိုက်နာဖို့လိုတယ်” ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

အလုပ်သမားတို့ကမူ မူလစက်ရုံတွင် ၅၆ ဦးကိုသာ အလုပ်ပြန်ခန့်ပေးပြီး ကျန် ၇၂ ဦးကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝေးလံသော စက်မှုဇုန်များတွင် ခန့်အပ်ရန် စီစဉ်ပေးမည်ဟု ဝန်ကြီးဌာနက နှုတ်ဖြင့် အကြောင်းကြားခဲ့၍ သဘောတူနိုင်ရန်အကြောင်း မရှိဟု ပြောကြားကြသည်။ ထို့အတူ နစ်နာကြေးနှင့် အလုပ်ရှင်အား အရေးယူပေးရန်ကိစ္စတို့မှာလည်း အကြောင်းထူးခြင်းမရှိသေးဟု ဆိုကြသည်။

ယခုကိစ္စမှာ အလုပ်ရှင်နှင့် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများကို စစ်ကိုင်းတိုင်းအတွင်းရှိ တာဝန်ရှိသူများနှင့် နှစ်လနီးပါးကြာ ညှိနှိုင်းဖြေရှင်းမှု မပြေလည်ရာမှ စတင်၍ ဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar