အလိမ်ခံရသော ရင်းနှီးမြှုပ်နှံသူများက တရားမျှတမှု လိုလား

ကျော်ဖုန်းကျော် ရေးသားသည်။

မြန်မာနိုင်ငံအတွင်း တရားမဝင် လာရောက် လုပ်ဆောင်ခဲ့သည့် အနာဂတ် စတော့ဈေးကွက် ပွဲစားများက လူပေါင်း ၃၀၀ ခန့်ထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း (ကျပ် ၁ ဒသမ ၆၅ ဘီလျံခန့်) ကို လိမ်လည်ယူသွားခဲ့မှုကြောင့် အလိမ်ခံခဲ့ရသူများက ပြီးခဲ့သော ဇွန်လက တရာရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော် တရားဥပဒေယန္တရားသည် ၎င်းတို့ကို ဦးစားမည်ပုံ မပေါ်သေးပေ။ အောက်တိုဘာ ၈ ရက်နေ့တွင်မူ ရန်ကုန်မြို့တွင် တရားမဝင် လုပ်ဆောင်နေသော အနာဂတ် စတော့ဈေးကွက် ပွဲစားများနှင့် အလုပ်မလုပ်ဆောင်ကြရန် ဘဏ္ဍာရေးဝန်ကြီးဌာနက အများပြည်သူတို့အား သတိပေးကြေညာခဲ့သည်။ ၎င်းမှာ ထိုသူများ အလိမ်ခံရအပြီး လအတော်ကြာမှ ကြေညာပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့က တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ဆုံးရှုံးနေပါတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုရင် သူမင်္ဂလာမဆောင်ခင်မှာ ဒီလို ငွေတွေ ဆုံးရှုံးသွားလို့ မင်္ဂလာပွဲကိုတောင် ဖျက်လိုက်ရတယ်” ဟု ထိုလိမ်လည်မှု တွင် ကျပ် သိန်း ၅,၅၀၀ ဆုံးရှုံးသွားသော ကချင်လူမျိုး အမျိုးသမီးတစ်ဦး ဖြစ်သူ မထရီဇာက ပြောကြားသည်။

Global Growth Company Ltd/ Golden Global Company Ltd ၏ အလိမ်ခံရသူ တစ်ဦးဖြစ်သည့် ကိုကျော်စိုးဝင်းက ကျပ် သိန်း ၅၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။ အလိမ်ခံရသူ ၅၀ ခန့်က ၎င်းတို့ အလိမ်ခံခဲ့ရသည့် ဇွန်လတွင်ပင် ရဲတပ်ဖွဲ့နှင့် အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ တိုင်ချက် ဖွင့်ခဲ့သည်ဟု ၎င်းကဆိုသည်။ သို့သော် ထိုကုမ္ပဏီ၏ ရုံးတည်ရှိသည့် ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုအားလုံးကို ပယ်ချခဲ့ပြီး ဗိုလ်မှူးဟောင်းတစ်ယောက်၏ အမှုကိုသာ လက်ခံခဲ့သည်။ ၎င်း ဗိုလ်မှူး သည် ကျပ် သန်း ၁,၈၀၀ ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။

ကိုကျော်စိုးဝင်း၏ အဆိုအရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (BSI) က တိုင်တန်းသူများကို မေးခွန်းများ အများအပြား မေးမြန်းခဲ့သော်လည်း အရေးယူမှုတစ်စုံတစ်ရာ လုပ်ဆောင်မှု တစ်ခုမျှ မရှိသေးဟုဆိုသည်။

အလိမ်ခံရသော လူများထဲမှ အချို့က ၎င်းတို့အလိမ်ခံရအပြီး တစ်လအကြာတွင် ပြည်ထဲရေးဝန်ကြီး၊ လွှတ်တော်ရှိ  သက်ဆိုင်ရာ ကော်မတီများ၊ သမ္မတရုံးနှင့် လူ့အခွင့်အရေး ကော်မရှင်ထံသို့ ဇူလိုင်လတွင် အယူခံဝင်ခဲ့သည်။ သို့သော် မည်သူကမျှ တုံပြန်ခြင်း မရှိသေးပေ။

အစိုးရက အလိမ်ခံရသူများကို စာနာစိတ် အနည်းငယ်မျှသာ ပြသခဲ့ပြီး ရှုံ့ချမှုများပင် ပြုလုပ်ခဲ့သည်။

“ဒီကုမ္ပဏီရဲ့ အလိမ်ခံရတဲ့ လူတွေက ဆင်းရဲသားတွေ မဟုတ်ပါဘူး။ သူတို့က ငွေတွေ ဒီလောက်အများကြီး ရင်းနှီးမြှုပ်နှံနိုင်ရင်  သူတို့က ချမ်းသာကြွယ်ဝသူတွေပါ။ ဒါက သူတို့အတွက် ပြသနာတစ်ခု မဟုတ်နိုင်ပါဘူး” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ထိုအမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့ဖူးသည်။

Global Growth/ Golden Global ကုမ္ပဏီကို Mr Ng Kwok Fai နှင့် မြန်မာနိုင်ငံသားတစ်ဦးတို့အကြား အစုစပ်လုပ်ငန်း တစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်Mr Ng သည် ၂၀၀၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတွင် လိမ်လည်မှုဖြင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) က အလိုရှိနေသူတစ်ဦးဖြစ်သည်။

Global Growth/ Golden Global ကုမ္ပဏီကို မြန်မာအစိုးရက နိုင်ငံတကာ ငွေကြေး လဲလှယ်ရန် လိုင်စင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် အနာဂတ် စတော့ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံပေးမည့် ပွဲစားကုမ္ပဏီ တစ်ခုအဖြစ် လုပ်ကိုင်ခဲ့ခြင်းဖြစ် သည်။ ဖောက်သည်များသည် ကုမ္ပဏီကို စုငွေများ သွင်းထားရပြီး ကုမ္ပဏီက ၎င်းတို့အား ရွှေနှင့် ရေနံကဲ့သို့သော ပစ္စည်းများကို စတော့ဈေးကွက်မှ ဈေးကစားနိုင်စေရန် Meta Trader 4 ဟု ခေါ်ဆိုသော မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ပေးထားသည်။

ကိုညဏ် ရင်းနှီးမြုပ်နှံသူများ အသုံးပြုရသည့် မိုဘိုင်းအက်ပလီကေးရှင်း။ ဓာတ်ပုံ- ကိုဉာဏ်

ကိုညဏ် ရင်းနှီးမြုပ်နှံသူများ အသုံးပြုရသည့် မိုဘိုင်းအက်ပလီကေးရှင်း။ ဓာတ်ပုံ- ကိုဉာဏ်

၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုကုမ္ပဏီသည် ရန်ကုန်မြို့လယ်ရှိ ဆာကူရာတာဝါတွင် ရုံးခန်း ငှားရမ်းဖွင့်လှစ်ထားသည်။ ပထမဆုံး နှစ်နှစ်ခန့်အထိ ရင်းနှီးမြှုတ်နှံသူများသည် ၎င်းတို့ ရင်းနှီးမြှုပ်နှံငွေ၏ ၄.၈ ရာခိုင်နှုန်းကို အကျိုး အမြတ်အဖြစ် ရရှိနေခဲ့သည်။ ထို့နောက်တွင် ငွေပေးမှု ရပ်တန့်သွားခဲ့ပြီး  ရင်းနှီးငွေကိုလည်း ပြန်မထုတ်နိုင်ဘဲ ဖြစ်သွားခဲ့ကြသည်။

Mr Ng သည် မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံမှ ၎င်း၏ လုပ်ငန်းပါတနာသည် ငွေများကို ပြန်ပေးရန် တာဝန်ကို ယူသင့်သည်ဟု ကိုကျော်စိုးဝင်းက ပြောသည်။

အမှုကို ကိုင်တွယ်ရသော ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲမှူး ကိုနိုင်လင်းက Frontier ကို ပြောကြားရာတွင် ပြသနာမှာ ငွေကြေးထည့်ဝင်ထားသူများက မြန်မာနိုင်ငံသား ပါတနာကို တရားစွဲဆိုလိုကြခြင်းဖြစ်ကြောင်း၊ ထိုသို့သော အမှုမျိုး ဖွင့်၍မရနိုင်ကြောင်း၊ တရားစွဲဆိုလိုလျှင် နိုင်ငံတွင်းမှ ထွက်သွားပြီဖြစ်သော နိုင်ငံခြားသားကိုသာ တရားစွဲဆိုရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ငွေကြေးဆုံးရှုံးခဲ့ကြသူများ၏ တိုင်ကြားချက်ကို ရဲနှင့် မြို့နယ်တရားရုံးက ပယ်ချခဲ့ပြီး သမ္မတရုံး၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် လွှတ်တော်တို့က လျစ်လျူရှုခံရပြီးနောက်တွင် အမှုကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ တင်ပြခဲ့သည်။ အနောက်ပိုင်းခရိုင်တရားရုံးက ထိုအမှုကို ဒီဇင်ဘာ ၇ ရက်နေ့တွင် စတင်ကြားနာခဲ့သည်။

“ကျွန်တော်တို့က ငွေတွေကို ပြန်ရဖို့ မျှော်မှန်းနေတာ မဟုတ်ပါဘူး။ တရားမျှတမှုကို မျှော်လင့်နေတာပါ။ ကျွန်တော်တို့ လိုအပ်တာ တရားမျှတမှုပါပဲ” ဟု ကိုကျော်စိုးဝင်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.