မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဘိန်းအများဆုံးထုတ်လုပ်သည့်နိုင်ငံအဖြစ် ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နေဆဲဖြစ်ကာ ကမ္ဘာပေါ်တွင် အာဖကန်နစ္စတန်ပြီးနောက် ဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)က မကြာသေးမီက ထုတ်ပြန်သည့် စစ်တမ်းတွင် ဖော်ပြထားသည်။
တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရှိသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဘိန်းအများဆုံးထွက်ရှိသည့် ဒေသဖြစ်သလို ရွှေတြိဂံဒေသတစ်ခုလုံးထွက်ရှိမှု၏ ၉၁ ရာခိုင်နှုန်းကို ထုတ်လုပ်နေသည်ဟု ၂၀၁၅ ခုနှစ်အတွက် အရှေ့တောင်အာရှဒေသ ဘိန်းထုတ်လုပ်မှုစစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ဘိန်းစိုက်ပျိုးမှုမှာ မြင့်မားနေသည့်အခြေအနေ၌ ဆက်လက်တည်ရှိနေသည်ဟု အဆိုပါ စစ်တမ်းတွင် ဆက်လက် ဖော်ပြထားသည်။ နှစ်နိုင်ငံပေါင်း ဘိန်းထွက်ရှိမှာ ၇၃၁ တန်မှ ၈၃၂ တန်အကြား ရှိနေပြီး အဆိုပါ ဘိန်းအများစုမှ ဈေးကွက်ဝင် အရည်အသွေးရှိသည့် ဟီးရိုးအင်း ၇၃ တန်မှ ၈၂ တန်ခန့်အထိ ထွက်ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒေသတွင်း ဟီးရိုးအင်းလိုအပ်ချက်မှာ လက်မခံနိုင်စရာကောင်းသည့်အနေအထားအထိ မြင့်တက်နေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများမှာ အကျိုးအမြတ်များစွာရရှိနေသည်ဟုလည်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
“ရွှေတြိဂံဒေသမှ ဘိန်းများထုတ်လုပ်တင်ပို့မှုနှင့် ဓာတုဆေးများ ပြန်လည် ဝင်ရောက်နေသည့် နှစ်လမ်းသွားကုန်သွယ်မှုမှာ ဒေသ၏ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေပါတယ်” ဟု မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် အရှေ့တောင်အာရှဒေသဆိုင်ရာ UNODC ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဂျရယ်မီ ဒေါက်ဂလပ်က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
“ပြီးခဲ့တဲ့နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုတွေ ထိန်းချုပ်ဖို့အတွက် ဆောင်ရွက်မှုတွေက အားရဖို့ကောင်းပါတယ်။ ဒါပေမယ့် ဘိန်းစိုက်ပျိုးမှုနဲ့ ကုန်သွယ်မှုတွေကို ဆက်လက်ခွင့်ပြုပေးထားရဖို့အတွက် ပြဿ နာတွေ ရှိနေသေးတယ်ဆိုတာကိုလည်း မြန်မာနဲ့ လာအိုအစိုးရတို့က နားလည်ထားကြပါတယ်” ဟု ဒေါက်ဂလပ်ကပြောသည်။
ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဆင်းရဲမွဲတေမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှုများရှိနေသည့်အတွက် ဘိန်းစိုက်ပျိုးခြင်းမှရရှိသည့် ဝင်ငွေမှာ ဒေသခံများအတွက် မရှိမဖြစ် အရေးပါနေဆဲဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကိုလည်း ဘိန်းနှင့် ဟီးရိုးအင်းကုန်သွယ်မှုများက ခြိမ်းခြောက်လျက်ရှိသည်ဟု ဖော်ပြထားသည်။