အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံအနက် ၃၃ ရုံကို လတ်တလော ရပ်ဆိုင်းထားမည်

နေပြည်တော်၊ မတ် ၁၇

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံအနက် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ ခုနစ်ရုံနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ လေးရုံတို့မှအပ ကျန်အားလုံးကို ရပ်ဆိုင်ထားရန် ပြည်ထောင်စု လွှတ်တော်က မတ် ၁၅ ရက်တွင် ဆုံးဖြတ်လိုက်သည်။

စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိ၍ လတ်တလောရပ်ဆိုင်းထားသင့်သည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် အမတ်များဆွေးနွေးခြင်း၊ ဝန်ကြီးများ ပြန်လည်ရှင်းလင်းခြင်းတို့ ပြုလုပ်နောက် ထိုသို့ အတည်ပြုလိုက်ခြင်းဖြစ်သည်။

သို့သော် ရပ်ဆိုင်းလိုက်သည့် စက်ရုံများမှ ဝန်ထမ်းများအတွက် လစာနှင့် ချီးမြှင့်ငွေများ ဆက်လက် ပေးထားနိုင်ရန် သာမန်အသုံးစရိတ်ကိုမူ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက “ချက်ချင်း ရပ်ခိုင်းတာ မဟုတ်ဘူး။ ရပ်ဆိုင်းခြင်းသည် အဖြေမဟုတ်ဘူးဆိုတာ ကျွန်တော်တို့လည်း နားလည်တယ်”ဟု ပြောသည်။

ရပ်ဆိုင်းလိုက်သည့် လုပ်ငန်းစီမံကိန်းများ မည်သို့ ဆက်လက်ဆောင်ရွက်သင့်သည်ကို ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့်ပါဝင်သော ကော်မတီများဖွဲ့၍ ဆောင်ရွက်ရန် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့က သဘောတူညီခဲ့ကြသည်။

“လတ်တလော ရင်းနှီးမြှပ်နှံမှုများရပ်ဆိုင်း၍ လေ့လာသုံးသပ်ရေး ကော်မတီများ ဖွဲ့စည်းပြီး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်သင့်သည်ကို လေ့လာသုံးသပ်မည့်အဆိုကို ကြိုဆိုလက်ခံပါတယ်”လို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း လေ့လာသုံးသပ်မှုများ ပြီးစီးသည့်အခါ နိုင်ငံအတွက် အကျိုးရှိမည့် နည်းလမ်းများ ပေါ်ပေါက်ပါက ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဟု ပြောကြားသည်။

“သို့သော် ပုဂ္ဂလိကတွေနဲ့ ပေါင်းပြီး လုပ်မလား။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြား နည်းပညာတွေခေါ်ပြီး လုပ်မလား၊ အဲဒီအတိုင်း အဖြေပေါ်လာမယ်ဆိုရင် အဲဒီအတိုင်း ဆက်လုပ်သွားဖို့ပဲ ရှိတယ်” ဟု မတ် ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

သို့သော် အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူတို့က လေ့လာသုံးသပ်ခြင်းလုပ်ငန်းများ မည်သည့် အချိန်တွင် စတင်ပြီး မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို အတည်ပြုဖြေကြားခြင်းမရှိသေးပေ။

အဆိုပါစက်ရုံအများစုကို မြန်မာနိုင်ငံကို ဆယ်စုနှစ်နှစ်ခုကျော်ကြာ အုပ်စိုးသွားခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက် လည်ပတ်ခွင့်ပြုစက်ရုံများ

စက်မှုဝန်ကြီးဌာန

၁)အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ)၊

၂)မီးခံဘိလပ်မြေပြား (မှော်ဘီ)၊

၃)အမှတ် (၃၅) အကြီးစားစက်ရုံ (ချောက်)

၄)အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်)၊

၅)အမှတ် (၂၂) အကြီးစားစက်ရုံ (ဘီးလင်း)

၆) အမှတ် (၄) အထည်စက်ရုံ (ပွင့်ဖြူ)

၇)အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

၈)အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံ (စလေ)

၉)အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)

၁၀) အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)

၁၁) အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး)

လတ်တလော ရပ်ဆိုင်းထားရမည့် စက်ရုံများ

စက်မှုဝန်ကြီးဌာန

၁)အမှတ် (၁၄) အကြီးစားစက်ရုံ(သာဂရ)

၂)အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)

၃)အမှတ် (၁၆) အကြီးစားစက်ရုံ (ဆင်တဲ)

၄)အမှတ် (၁၇) အကြီးစားစက်ရုံ (မလွန်)

၅)အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)

၆)အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)

၇) အမှတ် (၂၁) အကြီးစားစက်ရုံ (သထုံ)

၈)ရော်ဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်းကျွန်း)

၉)အမှတ် (၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)

၁၀)အမှတ် (၂၆) အကြီးစားစက်ရုံ (သာဂရ)

၁၁)အမှတ် (၃၂) အကြီးစားစက်ရုံ (ကြံခင်း)

၁၂)မှန်ထုတ်လုပ်ရေး(ပုသိမ်)

၁၃)ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)

၁၄)အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်)

၁၅)အမှတ် (၃) အထည်စက်ရုံ (စစ်ကိုင်း)

၁၆)အမှတ် (၃) အထည်စက်ရုံခွဲ (စစ်ကိုင်း)

၁၇)အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ)

၁၈)အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး)

၁၉)အမှတ် (၆) အထည်စက်ရုံခွဲ (မုံရွာ)

၂၀)အမှတ် (၇) အထည်စက်ရုံ (မြစ်သား)

၂၁)အမှတ် (၈)အထည်စက်ရုံ (ပျော်ဘွယ်)

၂၂)အမှတ် (၈)အထည်စက်ရုံခွဲ (ရမည်းသင်း)

၂၃)အမှတ် (၁၀)အထည်စက်ရုံ (တောင်သာ)

၂၄)အထည်စက်ရုံခွဲ (မြင်းခြံ)

၂၅)အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)

၂၆)သတင်းစာစက္ကူစက်ရုံ (သာပေါင်း)

၂၇)ဟိုက်ဒရိုဂျင်အောက်ဆိုက် စက်ရုံခွဲ (ချောက်)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

၂၈) အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)

၂၉)အမှတ် (၂) ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း)

၃၀)အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)

၃၁)အမှတ် (၃) ရေနံဓာတ်ငွေ့စက်ရုံ (ကျွန်းချောင်း)

၃၂)မက်သနောလ်စက်ရုံ (ဆိပ်သာ)

၃၃)ရေနံဓာတုဗေဒပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးဌာန

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar