အရှုံးပေါ်နိုင်ငံပိုင်လုပ်ငန်းများကိစ္စ အဆုံးအဖြတ်မမှားရန် စက်မှုဝန်ကြီးဟောင်း သတိပေး

နေပြည်တော်၊ မတ် ၁၀

နိုင်ငံပိုင်စက်ရုံအလုပ်ရုံများကိစ္စ စဉ်းစားဆုံးဖြတ်ရာမှာ ချစ်စိတ် (ဆန္ဒာဂတိ) ၊ ကြောက်စိတ် (ဘယာဂတိ)ဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်းများ မပါစေဘဲ ဆုံးဖြတ်ကြဖို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးမောင်မြင့်က ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

လုပ်ငန်းစီမံကိန်းတွေရဲ့ ရင်းနှီးမြှပ်နှံမှုများကို ငြင်းပယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ လျှော့ချခြင်းကိစ္စရပ်များနဲ့ ပတ်သက်ပြီး အခြား အမတ် ၁၅ ဦးနှင့်အတူ ဆွေးနွေးစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အမတ်ဖြစ်တဲ့ ဦးမောင်မြင့်က ပြောကြားလိုက်တာဖြစ်ပါတယ်။

“အမျိုးသား အကျိုးစီးပွားနဲ့ နိုင်ငံသားအကျိုးရှေးရှုကာ ဝန်ထမ်းများကို မျက်ကွယ်မပြုဘဲ ဆုံးဖြတ်နိုင်ပါစေ”လို့လည်း သူက ဆွေးနွေးချက်နောက်ဆုံးပိုင်းမှာ ထည့်ပြောခဲ့ပါသေးတယ်။ အခြေအနေတွေဟာ စက်ရုံတည်ဆောက်ရေး ရပ်လိုက်တာတစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာကို အမတ်များအားလုံး သိရှိမယ်လို့ ယုံကြည်ကြောင်းလည်း ဦးမောင်မြင့်က ပြောပါတယ်။

“မြန်မြန်တည်ဆောက်ရေးလုပ်ငန်းပြီးစီးလို့ ထုတ်ကုန်မြန်မြန်ထုတ်နိုင်ရင်တော့ ကာမိမှု မြန်မြန်ရမှာဖြစ်ပါတယ်။ စက်ရုံအတွက် ဘတ်ဂျက်မရလို့ စက်ရုံမပြီးရင် သက်သာတယ်ထင်ရပေမယ့် ချေးငွေအပေါ် အရင်းအတိုးတွေကတော့ ပေးနေရမှာပါပဲ”လို့ စက်မှုဝန်ကြီးဌာနက တည်ဆောက်နေတဲ့ အမှတ် (၁) သံမဏိစက်ရုံ၊ မြင်းခြံကို နမူနာပေးပြီး သူက သုံးသပ်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁- ၁၆ ကာလက အာဏာရ ပါတီဖြစ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးဖက်က နောက်ထပ်ဝင်ရောက်ဆွေးနွေးတဲ့ ကျောင်းကုန်းမြို့နယ်အမတ် ဦးသိန်းထွန်းကလည်း စီမံကိန်းတွေဟာ ရက်ပိုင်း လပိုင်းအတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမဟုတ်ဘဲ တန်ဖိုးလွန်စွာကြီးမားတဲ့ ဘဏ္ဍာနှစ်အလိုက် ရင်းနှီးမြှပ်နှံခဲ့ရတဲ့ နိုင်ငံပိုင်ဘဏ္ဍာငွေကြေးတွေဖြစ်တယ်လို့ လွှတ်တော်ကို ထောက်ပြပါတယ်။

“ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းပြုလုပ်ပါက ရင်းနှီးမြှပ်နှံခဲ့ရတဲ့ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ပြုန်းတီးသွားမှာကိုလည်း သတိပြုသင့်ပါတယ်” လို့ ဦးသိန်းထွန်းက ဆိုတယ်။ ဒါ့အပြင် ၂၀၁၁ ကနေ ၂၀၃၁ အထိရေးဆွဲထားတဲ့ အမျိုးသားဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအပေါ် သက်ရောက်မှု အကျိုးအပြစ်ကိုလည်း ချင့်ချိန်သင့်တယ်လို့လည်း သူက အကြံပြုပါတယ်။

ဒါကြောင့် ဝန်ကြီးဌာနက လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများ၊ ပညာရှင်များရဲ့ အကြံဉာဏ်များရယူပြီး လုံးဝရပ်ဆိုင်းရမယ့် စက်ရုံများ၊ အစိုးရက ကြပ်မတ်ဆောင်ရွက်ရမယ့် စက်ရုံများအဖြစ် စိစစ်သင့်တယ်လို့ ဦးသိန်းထွန်းက လွှတ်တော်ကို တင်ပြပါတယ်။

ကျန်ဆွေးနွေးသူအမတ်အများစုကတော့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဖြစ်ပြီး အများစုက ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံထားတဲ့အတိုင်း လတ်တလောရပ်ဆိုင်းသင့်တဲ့ လုပ်ငန်း စီမံကိန်း ၄၄ ခုအပါအဝင် စုစုပေါင်း ၅၂ ခု အတွင်း ကိုယ့်မဲဆန္ဒနယ်ထဲမှာ ရှိနေတဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စတွေအပေါ် ထောက်ခံ၊ အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

NLD ပါတီက ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၂ အမတ် ဒေါ်သီရိရတနာက “နိုင်ငံပိုင် အကြီးစားစက်ရုံ ၄၄ ရုံကို နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်မှုမရှိခြင်းနှင့် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိခြင်းတို့ကြောင့် ပြန်လည်သုံးသပ်နိုင်ရန် လတ်တလောရပ်ဆိုင်းထားပြီး စနစ်တကျ လေ့လာသုံးသပ်ပြီးမှ တွေ့ရှိချက်များအပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်သင့်ပါတယ်”လို့ ပူးပေါင်းကော်မတီ အစီရင်ခံစာကို ထောက်ခံ ဆွေးနွေးခဲ့ပါတယ်

အမတ်တွေရဲ့ ဆွေးနွေးမှုများအပြီးမှာတော့ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဒီကနေ့ ဆွေးနွေးခဲ့တဲ့ မူနဲ့အခြေခံသဘောဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်လည်ရှင်းလင်းခြင်းကို မတ် ၁၃ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆက်လက်ဆောင်ရွက်မယ်လို့ အသိပေးပါတယ်။

သက်ဆိုင်ရာဝန်ကြီးတွေ ပြန်လည်ဆွေးနွေးပြးရင်တော့ စီမံကိန်းများ ရပ်ဆိုင်ခြင်း၊ ငြင်းပယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ လျှော့ချခြင်း အကြောင်းကိစ္စများအလိုက် မဲခွဲဆုံးဖြတ်ခြင်းနှင့်အတူ NLD အစိုးရလက်ထက် ပထမဆုံးအကြိမ် ရေးဆွဲထားတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကိုပါ အပိုဒ်လိုက် အတည်ပြုဖို့ ပြည်ထောင်စုလွှတ်တော် နာယကက စီစဉ်ထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar