အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို အမေရိကန် နားထောင်မည်

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်များကို နားထောင်သွားမည်ဟု အမေရိကန်သမ္မတအိမ်ဖြူတော် အရာရှိတစ်ဦးကို ကိုးကားကာ အေအက်ဖ်ပီက ရေးသားထားသည်။

အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၁၄ ရက်နေ့က စတင်ကာ တရားဝင် ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ဖြေလျော့ပယ်ဖျက်ပေးဖွယ်ရှိသည်ဟု ထင်မြင်ချက်များ ထွက်ပေါ်နေချိန်တွင် ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး သူမက ဘယ်လို ရှုမြင်တယ်ဆိုတာကို သူမဆီကနေ တိုက်ရိုက်နားထောင်လိုပါတယ်” ဟု အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီနှင့် ပတ်သက်ပြီး အဓိကပုဂ္ဂိုလ်ဖြစ်သူ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး မစ္စတာဘန်ရိုဒ့်ကပြောကြားခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ၎င်းဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရယူပြီးနောက်ပိုင်း အမေရိကန်နိုင်ငံသို့ ပထမဆုံး သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် ၎င်းအား ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအဖြစ်မှ နိုင်ငံရေးသမားတစ်ဦးအဖြစ် ကူးပြောင်းလာမှုကို အချက်ပြလိုက်ခြင်းလည်းဖြစ်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

စစ်တပ်က ရေးဆွဲထားသည့် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သမ္မတဖြစ်ခွင့်မရှိသော်လည်း ၎င်းက နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုလည်း ဖန်တီးကာ ရယူခဲ့သည်။

ထို့ကြောင့် ၎င်းအား မြန်မာနိုင်ငံနှင့် မြန်မာအစိုးရကို ဦးဆောင်သည့် အထွတ်အထိပ် ခေါင်းဆောင်တစ်ဦးအဖြစ် အရေးပါမှုကို အိမ်ဖြူတော်က ထပ်မံအားဖြည့်ပေးရန် စိတ်အား ထက်သန်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်တွင် သမ္မတဘားရတ်အိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်သလို အမေရိကန်အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

အိုဘာမားအစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုအချို့အား ပြီးခဲ့သည့်မေလက ဖယ်ရှားပေးပြီးဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်း ခုနစ်ခုနှင့် ဘဏ်သုံးခုအား အမည်ပျက်စာရင်းမှ ဖယ်ရှားပေးခဲ့သည်။ သို့သော် Asia World အုပ်စုနှင့် ဆက်စပ်နေသည့် ကုမ္ပဏီခြောက်ခုအပေါ်တွင်မူ ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့သည်။

သမ္မတ ဘားရတ်အိုဘားမားအနေဖြင့် ၎င်း၏ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီးချိန်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်မည်ဟု မေ ျှာ်လင့်ရသည်ဟု ရိုက်တာက စက်တင်ဘာ ၃ ရက်နေ့က ရေးသားခဲ့သည်။

သို့သော် အရေးယူပိတ်ဆို့မှုများအား ပယ်ဖျက်ပေးလိုက်ပါက မြန်မာ့နိုင်ငံရေးတွင် အဓိကကျသည့် အာဏာများ ဆက်လက်ရယူထားဆဲဖြစ်ကာ စီးပွားရေးတွင်လည်း ချုပ်ကိုင်ထားဆဲဖြစ်သည့် မြန်မာစစ်တပ်အပေါ် ဖိအားများ မရှိတော့မည်ကိုလည်း စိုးရိမ်နေကြသည်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေက မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတွေကို ဦးတည်ထားတာပါ” ဟု Human Rights Watch အဖွဲ့မှ John Sifton ကပြောကြားခဲ့သည်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နောက်ပြန်မသွားနိုင်တော့တဲ့အချိန်အထိ ပိတ်ဆို့မှုတွေကို ဖယ်ရှားသင့်ပါဘူး” ဟုလည်း ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar