အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီသစ် ဖွဲ့စည်း

ဒုတိယသမ္မတ(၂)က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီကို ဇူလိုင် ၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်သည့် အဆိုပါကော်မတီကို ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူက ဦးဆောင်ရမည်ဖြစ်သည်။

အဆိုပါကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောာင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့၏ အမြဲတမ်းအတွင်းဝန်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့် အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်၊ ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ် ထိန်းသိမ်းနိုင်ရန် (Rapid Response) စီမံပေးရန်၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရေး စီမံပေးရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်း ဆက်စပ်ဆောင်ရွက်ပေးသွားရန်၊ လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားရန်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် မီဒီယာဖြင့် သွေးထိုးလှုံ့ဆော်မှုများ ရှိပါက ပြည်သူများက အဖြစ်မှန် သိရှိစေရန် မီဒီယာဖြင့် ရှင်းလင်း တုံ့ပြန်ရန်နှင့် နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုများဖြင့် အထွေထွေဆန္ဒပြမှုအသွင် ပြုလုပ်လာပါက ပြည်သူ့အားဖြင့် ပြန်လည် ဆန္ဒဖော်ထုတ်မှုဖြင့် ချေဖျက်ရန်၊ ဆန္ဒပြမှု၊ ဆူပူ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်နိုင်ရန် သတင်းရရှိရေးအပြင် ဆန္ဒပြ ဆူပူ အကြမ်းဖက်နေစဉ်ကာလ လှုပ်ရှားမှု သတင်းမှန်သမျှကို ရယူ မှတ်တမ်းတင်ပြထားပြီး မမှန်မကန် ဝေဖန်ထိုးနှက်မှုများရှိပါက ထုတ်ဖော် တုံ့ပြန်ရန်တို့လည်း ပါဝင်သည်။

ဆန္ဒပြ ဆူပူ အကြမ်းဖက်မှု အမျိုးအစားအလိုက် ကိုင်တွယ် ထိန်းသိမ်းနိုင်မည့် စီမံခန့်ခွဲမှုများကို ကြိုတင်လေ့ကျင့် ပြင်ဆင်ထားရန်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက အသေးစိတ် ညှိနှိုင်း၍ စီမံချက် ရေးဆွဲ ဆောင်ရွက်သွားရန်၊ ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ရာတွင် လိုအပ်ပါက အခြား ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ခေါ်ယူညှိနှိုင်း ဆောင်ရွက်ရမည်ဟုလည်း ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်လက်ထက်က အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၂၀၁၃ ခုနှစ်၊ မတ် ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါကော်မတီဖွဲ့စည်းသည့် ကြေညာချက်ထဲတွင် လုပ်ငန်းတာဝန်များကို ဖော်ပြထားသလို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက်သွားရမည်ဟု ဖော်ပြခဲ့သည်။

သတင်း-Frontier

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar