အရောင်းမြှင့်တင်ရေး အလိမ်ကိစ္စ မြတ်မွှေးကုမ္ပဏီက မြန်မာကားလ်စ်ဘတ်ဂ်ကို တရားစွဲ

ရဲမွန်

ရန်ကုန် – ဒိန်းမတ်နိုင်ငံအခြေစိုက် ကမ္ဘာကျော် ကားလ်စ်ဘတ်ဂ် ဘီယာကုမ္ပဏီလက်ခွဲ Myanmar Carlsberg  မှ ဦးဆောင်ညွှန်ကြားရေးမှူးအပါအဝင် ကုမ္ပဏီအထက်တန်းအရာရှိ ခြောက်ဦးတို့သည် အရောင်းမြှင့်တင်ရေး သဘောတူညီချက်တစ်ခုနှင့်ပတ်သက်ပြီး ဖြန့်ဖြူးရေးကုမ္ပဏီနှင့် အငြင်းပွားကြရာမှ ထောင် ခုနှစ်အထိ ကျခံရနိုင်သော တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေကြရသည်။

မြတ်မွှေးရောင်းဝယ်ရေးကုမ္ပဏီသည် Myanmar Carlsberg ကုမ္ပဏီဝန်ထမ်းများကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ လိမ်လည်မှုဖြင့် တရားစွဲဆိုထားသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ခုနစ်နှစ်နှင့် ဒဏ်ငွေများ ချမှတ်ခံရနိုင်သောအမှုဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် အမှုကြားနာပွဲကို စက်တင်ဘာ ၅ ရက်တွင် ပြုလုပ်ရန်ချိန်းဆိုထားပြီး ယင်းခြောက်ဦးကိုတရားရုံးကအာမခံဖြင့် လွှတ်ပေးထားသည်။

မြတ်မွှေးကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲထွန်းက သူ၏ရုံးခန်းတွင် သြဂုတ် ၂၇ ရက်က Frontier နှင့်တွေ့စဉ် Myanmar Carlsberg အနေဖြင့် ၎င်း၏ကုမ္ပဏီကို ကျပ်သန်း ၆၀၀ (ကန်ဒေါ်လာ ၃၉၅,၀၀၀) ဖိုး Yoma ဘီယာများပေးရန် ကျန်ရှိနေကြောင်း ပြောသည်။

သို့သော် ယင်းပမာဏသည် Myanmar Carlsberg ထံမှ ရရန်ရှိသောပမာဏအားလုံးဖြစ်ပြီး ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုထားသည့်အမှုတွင်မူ ငွေကျပ်သန်း ၂၇၀ ကျော် (၂၇၁,၃၈၀,၀၀၀ ကျပ်) အတွက်သာ စွဲဆိုထားခြင်းဖြစ်သည်ဟု မြတ်မွှေးကုမ္ပဏီဘက်ကဆိုသည်။ ကျန်ပမာဏအတွက်ကိုမူ သီးသန့်ထပ်မံ တရားစွဲဆိုသွားမည်ဟုလည်း သိရသည်။

ထို့ပြင် Myanmar Carlsberg ဘက်မှ သက်တမ်းလွန်နေသည့် Tuborg ဘီယာဘူးအရှည်များကို လဲလှယ်ပေးရန်ကိုလည်း မြတ်မွှေးကုမ္ပဏီဘက်မှတောင်းဆိုထားပြီး ယနေ့တိုင်ဖြေရှင်းပေးခြင်းမရှိဟုလည်း ဦးရဲထွန်းကဆိုသည်။

“ဒီလိုကိစ္စမျိုး ကျွန်တော် တစ်ခါမှမတွေ့ဖူးဘူး၊ မြန်မာ Carlsberg က ပရိုမိုးရှင်းလုပ်တယ်၊ Yoma beer သုံးဖာရောင်းရရင် တစ်ဖာအလကားပေးမယ်လို့ပြောထားပြီး အလကားပေးရမယ့် ဘီယာတွေကို ကုမ္ပဏီကမပေးဘဲ လျစ်လျူရှုထားတယ်၊ ဒါက စီးပွားရေးကိုယ်ကျင့်သိက္ခာကို လိုက်နာဖို့ ပျက်ကွက်တာပဲ” ဟု သူက ပြောသည်။

၂၀၀၂ ခုနှစ်တွင်တည်ထောင်သော မြတ်မွှေးရောင်းဝယ်ရေးကုမ္ပဏီသည် စီးကရက်၊ အရက်၊ ဝိုင်နှင့် ဘီယာများကို ရန်ကုန်ရှိ ဈေးဆိုင်နှင့် ဘီယာဆိုင်များသို့ ဖြန့်ဖြူးရေးလုပ်ဆောင်နေသည်။ Carlsberg နှင့် စကားအချေအတင်များပြီး နှစ်လအကြာ ဇန်နဝါရီလမှစ၍ မြတ်မွှေးကုမ္ပဏီသည် Carlsberg ထံမှ ကုန်ပစ္စည်းဝယ်ယူခြင်းကို ရပ်ဆိုင်းခဲ့သည်။

ထို့နောက်မြတ်မွှေးကုမ္ပဏီက သူတို့ရရန်ရှိသော ဘီယာများပေးရန် ဧပြီလမှစ၍ အီးမေးလ် ခြောက်ကြိမ်ထက်မနည်း ပေးပို့ခဲ့ကြောင်း၊ မြန်မာကားလ်စ်ဘတ်ဂ် ညွှန်ကြားရေးမှူး မစ္စတာ ခရစ်တိုဖာ ဗာ့ဗ်ရစ် Mr. Christopher Vavrik နှင့်တွေ့ဆုံပြီး ပြဿနာကို ဆွေးနွေးရန်လည်း တောင်းဆိုကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် မစ္စတာ ဗာ့ဗ်ရစ်က ၎င်းကိုတွေ့ဖို့ ငြင်းဆိုခဲ့ကြောင်း ပြောပြသည်။

Myanmar Carlsberg က မြတ်မွှေးကုမ္ပဏီ၏ စွပ်စွဲချက်များကို ငြင်းဆိုသည်။ မစ္စတာ ဗာ့ဗ်ရစ်၏ Frontier ထံ သြဂုတ် ၂၆ ရက်က အီးမေးလ်ဖြင့် ပြန်ကြားစာတွင် မြတ်မွှေးကုမ္ပဏီက တိကျမှုမရှိသော၊ အမျိုးမျိုးသော တွက်ချက်မှုများကို တင်ပြခဲ့ကြောင်း၊ အခြေအမြစ်မရှိသော ရောင်းချမှုအစီရင်ခံစာများဖြင့် အရောင်းမြှင့်ထုတ်ကုန်များကို ကျသင့်သည်ထက် ပိုမိုတောင်းခံနေကြောင်း ဖြေဆိုထားသည်။

“နာမည်ကောင်းရှိပြီး ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ သူတို့ရဲ့တောင်းဆိုချက်ကို ကျွန်တော်တို့ ငြင်းပယ်ပါတယ်၊ တရားဝင်မှတ်တမ်းများအရ ပေးစရာရှိတာကိုပေးဖို့ ကျွန်တော်တို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်ကို အကြောင်းမပြန်ခဲ့ပါဘူး” ဟု သူက ပြောပါသည်။

Myanmar Carlsberg သည် ကျသင့်သည့် အရေအတွက်အောက် လျော့နည်းသောပမာဏ အနည်းငယ်ကိုသာပေးရန် ကမ်းလှမ်းခဲ့ကြောင်း ဦးရဲထွန်းက ပြောသည်။ “ဒါကြောင့် သူတို့ဆီကို ကျွန်တော် အကြောင်းမပြန်တာပါ၊ ကျွန်တော်တို့မှာ အထောက်အထားတွေရှိတယ်။ ဒါတွေကို ရုံးတော်ကိုတင်ပြမယ်၊ ကျွန်တော်တို့က မတိကျ မမှန်ကန်တဲ့ တောင်းဆိုမှုတွေ လုပ်နေပါတယ်ဆိုရင် ကျွန်တော်တို့ကို တရားဝင်ရှင်းပြပေါ့” ဟု သူက ပြောသည်။

မစ္စတာ ဗာ့ဗ်ရစ်ကမူ Myanmar Carlsberg ၏ရပ်တည်ချက်ကို မိမိယုံကြည်ကြောင်း၊ ယင်းအမှုကို မိမိတို့ မြန်မာကားလ်စ်ဘတ်ဂ် ကုမ္ပဏီက အနိုင်ရမည်ဟု အခိုင်အမာယုံကြည်ကြောင်းပြောသည်။

“ဒီမှားယွင်းတဲ့ စွပ်စွဲချက်တွေကို ရုံးတော်မှာရင်ဆိုင်ပြီး ကာကွယ်ဖို့အဆင်သင့်ပါပဲ။ ကျွန်တော်တို့ တင်ပြချက်တွေကို ရုံးတော်က ကြားနာသိရှိပြီး ဒီအမှုကို လုံးဝပယ်ချလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆိုသည်။

လွဲမှားတဲ့ စွပ်စွဲချက်များကို ကာကွယ်ရန်၊ Myanmar Carlsberg နှင့် ၎င်း၏ဝန်ထမ်းများကို နှောင့်ယှက်မှုမှ ကာကွယ်ရန် ၎င်းတို့ကုမ္ပဏီက ရုံးတော်တွင် ဥပဒေကြောင်းအရ လုပ်ဆောင်မည်ဟု သူကပြောသည်။ Myanmar Carlsberg ကို ၂၀၁၃ တွင် မြန်မာလုပ်ငန်းရှင် ဦးသိန်းထွန်း ပိုင်ဆိုင်သော Myanmar Golden Star (MGS) ကုမ္ပဏီနှင့် ပူးပေါင်း၍ တည်ထောင်ခဲ့သည်။

ကုမ္ပဏီသည် ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ၍ ဘီယာချက်စက်ရုံကို ပဲခူးတိုင်းတွင် ၂၀၁၅ ၌ ဖွင့်လှစ်ခဲ့သည်။ Myanmar Carlsberg မှ Carlsberg, Yoma, Tuborg နှင့် Black Eagle Stout တို့ကို ထုတ်လုပ်သည်။ ၎င်း၏ဝက်ဘ်ဆိုက်အရ မြန်မာနိုင်ငံတွင် ဈေးကွက်ခွဲတမ်း နံပါတ် အဆင့် ၄ တွင် ရှိနေသည်ဟု ဆိုသည်။

မြတ်မွှေးကုမ္ပဏီမှ ဦးရဲထွန်းက Carlsberg ကို တရားစွဲဖို့ မဆုံးဖြတ်မီ ဦးသိန်းထွန်းနှင့်တွေ့ပြီး ဆွေးနွေးခဲ့သေးကြောင်း ပြောသည်။ ဦးသိန်းထွန်းက ယခုကိစ္စအတွက် သူစိတ်မပူကြောင်း၊ ယင်းကိစ္စက သူနှင့်မသက်ဆိုင်သည့်အတွက်ဖြစ်ကြောင်း၊ ယခုအမှုမှာ စီမံခန့်ခွဲမှုကိုလုပ်ဆောင်နေသည့်အဖွဲ့မှာသာ တာဝန်ရှိသည်ဟု ဦးသိန်းထွန်းကပြောကြောင်း ဦးရဲထွန်းကပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.