အရေခွံရယူလိုမှုကြောင့် မြန်မာ့တောဆင်ရိုင်းကောင်ရေ ကျဆင်းလာမှုက စိုးရိမ်ဖွယ်ဖြစ်နေ

ရန်ကုန်၊ သြဂုတ် ၁၂

အရေခွံရယူလိုမှုကြောင့် မြန်မာ့တောဆင်ရိုင်းကောင်ရေ ကျဆင်းလာမှုနှင့် ပတ်သက်၍ အထူးစိုးရိမ်မိသည်ဟု ယနေ့ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့တွင် ပြည်တွင်းနှင့် နိုင်ငံတကာထိန်းသိမ်းရေးအဖွဲ့များက ပူးပေါင်း ကြေညာလိုက်သည်။

ယခုနှစ်အတွင်း ယနေ့အချိန်အထိ တောဆင်ရိုင်း အကောင် ၃၀ အသတ်ခံရသည့်အနက် ပြီးခဲ့သည့် ရက်သတ္တပတ်ခြောက်ပတ်အတွင်း ငါးကောင်အထိ အသတ်ခံခဲ့ရသည်ဟု စမတ်ဆိုနီယန် ထိန်းသိမ်းရေး ဇီဝအဖွဲ့အစည်း၏ မြန်မာနိုင်ငံ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးအောင်မျိုးချစ်က ကြေညာချက်ထဲတွင် ပြောကြားထားသည်။

“ဒါက မြန်မာနိုင်ငံကဆင်ရိုင်းတွေ နှစ်စဉ်အသတ်ခံရတဲ့ ပျှမ်းမျှပမာဏထက် အများကြီး ကျော်လွန်နေပါတယ်” ဟု ၎င်းကပြောသည်။

ဆင်များအား အဆိပ်လူးမြား၊ သို့မဟုတ် ပေါက်ကွဲအားပြင်းသည့် ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်၍ နာကျင်ခံစားကာ တမြေ့မြေ့သေဆုံးစေပြီးနောက် အရေခွံခွာယူကြခြင်းဖြစ်သည်ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“အစွယ်ရှိတဲ့ ဆင်ထီးတွေကိုပဲ ပစ်မှတ်ထားတဲ့ ဆင်စွယ်ဈေးကွက်နဲ့မတူဘဲ လတ်တလောမြင့်တက်နေတဲ့ ဆင်သားရေဝယ်လိုအားက ဆင်အမနဲ့ သားပေါက်တွေပါ မချန်တော့ဘဲ သတ်ဖြတ်အရေခွံခွာတာတွေ ဖြစ်လာစေပါတယ်။ ဒီလိုသာဆက်သွားရင် မြန်မာ့တောဆင်ရိုင်းတွေ မျိုးသုန်းသွားနိုင်ပါတယ်” ဟု နိုင်ငံတကာ တောရိုင်းတိရိစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI) ၏ တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေကပြောကြားသည်။

ဆင်သားရေနှင့် ဥပဒေနှင့် မညီသည့် အခြားသော တိရိစ္ဆာန်အစိတ်အပိုင်းများကို ရန်ကုန်နှင့် ကျိုက်ထီးရိုးကဲ့သို့ ထင်ရှားသည့် ခရီးသွားနေရာများတွင် ပြောင်ပြောင်တင်းတင်းရောင်းဝယ်နေကြသည်ကို တွေ့နေရသည်ဟု FFI ၏ တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာ မာ့ခ်ဂရင်းလေးကပြောကြားသည်။

“ဒီအရေခွံတွေကို တရားမဝင်ရောင်းဝယ်ကြပြီး စက်ဆုပ်စရာ လက်ဝတ်ရတနာအဖြစ်၊ ဒါမှမဟုတ် သေချာတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အထားမရှိတဲ့ ဆေးဝါးအဖြစ် အသုံးပြုနေကြပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံရှိ တောဆင်ရိုင်းကောင်ရေမှာ တဟုန်ထိုး ကျဆင်းနေပြီး ကောင်ရေ ၁,၄၀၀ မှ ၂,၀၀၀ ကြား ကျန်ရှိနေဦးမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ထိုအရေအတွက်ထက် များစွာ လျော့နည်းဖွယ်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်တုန်းက မြန်မာနိုင်ငံမှာ တောဆင်ရိုင်း သောင်းဂဏန်းရှိခဲ့ပါတယ်။ ခုလို ကောင်ရေကျဆင်းနေတာ အထူးစိုးရိမ်စရာဖြစ်ပြီး ဆင်နဲ့ပတ်သက်တဲ့ အစိတ်အပိုင်းပစ္စည်းတွေကို ရောင်းဝယ်နေတာ၊ ဒါမှမဟုတ် တရားမဝင် ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ သံသယဖြစ်ဖွယ်ကောင်းတာတွေ တွေ့ရှိခဲ့ရင် သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားဖို့ ပြည်သူလူထုကို တိုက်တွန်းချင်ပါတယ်” ဟု WWF မြန်မာ၏ ဌာနေညှိနှိုင်းရေးမှူး ခရစ္စတီးဝီလျံက ပြောကြားသည်။

ဆင်သားရေခွာယူမှုအများစုမှာ ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ဆင်နှင့် လူများအကြား ပဋိပက္ခဖြစ်ပွားမှု၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ဆင်များသေဆုံးရတတ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ မှတ်တမ်းများအရ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အချိန်အထိ အမဲလိုက်မှု၊ သို့မဟုတ် နယ်မြေအတွက် ပဋိပက္ခ ဖြစ်မှုတို့ကြောင့် အနည်းငယ် လူ ၃၅ ဦးနှင့် ဆင် ၉၅ ကောင် သေဆုံးခဲ့ရကြောင်း သိရသည်။

မြန်မာအစိုးရအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကျယ်ပြန့်စွာကူညီပံ့ပိုးမှုဖြင့် မြန်မာ့ဆင်ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ် (MECAP) ကို ရေးဆွဲနိုင်ခဲ့ကာ လာမည့်လများအတွင်း ထုတ်ပြန်နိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar