အရပ်ဘက်အဖွဲ့အစည်းဖိုရမ်၏ ရလဒ်နှင့် စိန်ခေါ်ချက်များ

ဉာဏ်လှိုင်လင်း

မကြာခင်ကျင်းပဖို့ စီစဉ်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံ တတိယအစည်းအဝေးကို စာတမ်းတင်သွင်းဖို့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ အဆင်သင့်ဖြစ်ကြပါပြီ။

ပြီးခဲ့တဲ့ညီလာခံကတည်းက တင်သွင်းနိုင်ဖို့ ကြိုးစားချက် မအောင်မြင်ခဲ့ပေမယ့် ဒီနေ့ (ဇန်နဝါရီ ၂ ရက်နေ့) မှာ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် အကြောင်းအရာအလိုက် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ၊ ပြည်ထောင်စု အဆင့်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်မှာတော့ ရလဒ်ထွက်အောင် စွမ်းဆောင်နိုင်ခဲ့ကြတာပါ။

ဖက်ဒရယ်အခြေခံမူဝါဒဆိုင်ရာနဲ့ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာမူဝါဒ အကြံပြုချက် စာတမ်းနှစ်စောင်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ကတစ်ဆင့် ၂၁ ရာစု ပင်လုံညီလာခံကို တင်သွင်းတော့မှာပါ။

ဒါဟာ နေပြည်တော်ဖိုရမ်မတိုင်မီ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ငါးရက်တိုင် မန္တလေးမြို့မှာ လူ ၇၀၀ နီးပါး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။

ရလဒ်

ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်ကော်မတီ(UCCPF)ကော်မတီကတော့ ငြိမ်းချမ်းရေးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ မူဝါဒတွေစတင်ချမှတ်ဖို့ ခြေလှမ်းစနိုင်ပြိလို့ ယုံကြည် ထားကြပါတယ်။

“ဒီလိုမူဝါဒစာတမ်းတွေထွက်လာရမယ်။ နောက် ဥပဒေတွေထွက် လာရမယ်။ ဒါမှပဲ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့၊ ပြည်ကြီးက အားလုံးပူးပေါင်းပါဝင်တဲ့၊ ပြီးတော့ ထာဝရ ငြိမ်းချမ်းတဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံကို ရရှိဖို့လည်း မျှော်မှန်းနိုင်မှာဖြစ်ပါတယ်”လို့ UCCPF ကော်မတီဝင် ဦးနော်ထွဲက ဆိုပါတယ်။

ဒီဖိုရမ်ကနေ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ အကြံပြုချက် ၁၆၆ ချက်၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာမှာ ကဏ္ဍရှစ်ခုအတွက်အကြံပြုချက်တွေကို ဘုံသဘောတူညီချက်အဖြစ် ရရှိထားတာပါ။

ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ အကြံပြုချက်တွေ ထဲမှာ လမ်းညွှန်အခြေခံမူများ၊ မူဝါဒအကြံပြုချက်များ၊ မြေယာသိမ်းဆည်းခံရသူများ၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးမှုများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ကျူးကျော်များနဲ့ သက်ဆိုင်တဲ့ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး မူဝါဒများ၊ မူးယစ်ဆေးဝါးကြောင့် ထိခိုက်ခံစားရသူတွေကို ပြန်လည်ထူထောင်ခြင်း၊ လူမှု ဖွံ့ဖြိုးရေး မူဝါဒရေးရာ ဆိုင်ရာအဆိုပြုချက်များ ပါဝင်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာမူဝါဒ အကြံပြုချက်စာတမ်းမှာတော့ ပြည်ထောင်စု၏ အချုပ်အခြာအာဏာ၊ အမျိုးသား တန်းတူရေး၊ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်ထောင်စု၏ စုဖွဲ့မှုပုံသဏ္ဍာန်နှင့် ပြည်နယ်များ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တိုင်ရင်းသားလူနည်းစုအခွင့်အရေးများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ဘာသာရေး၊ သဘာဝသယံဇာတ အရင်းအမြစ်များ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အလုပ်သမား၊ လယ်သမား၊ မြေယာ၊ လူ့အခွင့်အရေးနှင့် ကျား မတန်းတူညီမျှမှုတို့ ပါဝင်ပါတယ်။

စိန်ခေါ်ချက်

ဒီရလဒ်တွေအတွက် ပထမဆုံးစိန်ခေါ်ချက်ကတော့ ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုရဲ့လား ဆိုတာပါပဲ။ ဖိုရမ်နှစ်ကြိမ်လုံးမှာ တိုင်းနဲ့ ပြည်နယ် ၁၃ ခုသာ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုမှ မတက်ရောက်ခဲ့ပါဘူး။

UCCPF ကော်မတီဝင် ဦးနော်ထွဲကတော့ UPDJC ဦးဆောင်တဲ့ ပုံစံကြောင့် ကယားပြည်နယ်ဖက်က အရပ်ဘက် အဖွဲ့အစည်းတွေ မပါဝင်လာသေးတာလို့ဆိုတယ်။ “သူတို့အနေနဲ့ ပါဝင်လာမယ့်ဟာကို ကတိလည်းပေးထားတယ်ပေါ့”လို့ သူက ပြောပါတယ်။

အဖွဲ့အစည်းပေါင်း ၃၀ နီးပါးရှိတယ်လို့ ခန့်မှန်းထားတဲ့ ကယားပြည်နယ်အခြေစိုက် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂက ကိုဒီးဒီးကတော့ ၂၁ရာစုပင်လုံညီလာခံမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး မပါတာ၊ အဆုံးအဖြတ် ပေးနိုင်တဲ့ အစုအဖွဲ့တွေထဲမှာ အစိုးရနဲ့ တပ်မတော်က အားသာချက်တွေရယူထားတာ၊ အရပ်ဖက်အဖွဲ့အစည်းဖိုရမ်က ဘယ်လိုမူဝါဒတွေချချ UPDJC ကသဘောတူမှ ညီလာခံကို တင်သွင်းခွင့်ရမှာ၊ ညီလာခံမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ဆုံးဖြတ်ခွင့်မရှိတာတွေကြောင့် သူတို့သပိတ်မှောက်ထားတယ်လို့ Frontier ကိုပြောပါတယ်။

“အဓိကက စစ်တပ်ရဲ့လက်ထဲမှာပဲရှိနေတယ်။ သူတို့မကြိုက်ရင် ဘာမှမရနိုင်ဘူးဆိုတာကို ကျွန်တော်တို့ မကြိုက်ဘူး”လို့ ကိုဒီးဒီးက ဆိုပါတယ်။

UPDJC အလုပ်အဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကတော့ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ဟာ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တန်းတူကျင်းပနိုင်တဲ့အခြေအနေရှိသလို၊ သူတို့ရဲ့ မူဝါဒတွေဟာ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လွှတ်တော်အမတ်တွေကနေ တစ်ဆင့်လည်း ညီလာခံကို တင်သွင်းနိုင်ခွင့်ရှိနေပါတယ်လို့ Frontier ကို ပြောပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းဖိုရမ်က ကိုယ်စားလှယ်တွေ UPDJC မှာပါဝင်ခွင့်ကိုလည်း သူတင်ပြထားတဲ့ အကြောင်း သူကဆိုပါတယ်။ “အနိမ့်ဆုံးအခွင့်အရေးက လုပ်ငန်းကော်မတီမှာပါဝင်ခွင့်ပေ့ါ။ UPDJC က စဉ်းစားနေတုန်း ရှိသေးတယ်။ လက်တော့မခံရသေးဘူး”လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

နောက်ထပ်စိန်ခေါ်ချက်တစ်ခုကတော့ အရပ်ဘက်အဖွဲ့အစည်းတွေကို UPDJC က ဆွေးနွေးမှု ခေါင်းစဉ် ကန့်သတ်ထားတဲ့ အခြေအနေပါ။ UPDJC က ပြန်လည်ထူထောင်ရေး၊ သဘာဝ ပတ်ဝန်းကျင်၊ ဖက်ဒရယ် သယံဇာတဆိုတဲ့ ခေါင်းစဉ်သုံးခုပဲ ဆွေးနွေးခွင့်ပြုပေမယ့် ဖိုရမ်တာဝန်ရှိသူတွေကတော့ ဒါဟာမဖြစ်နိုင်ဘူးလို့ ယူဆထားကြပါတယ်။

အခုရရှိလာတဲ့ စာတမ်းနှစ်စောင်အနက် ဖက်ဒရယ်အခြေခံမူဝါဒဆိုင်ရာအကြံပြုစာတမ်းထဲမှာလည်း UPDJC က ခွင့်မပြုထားတဲ့ ခေါင်းစဉ်တွေပါဝင်နေပါတယ်။

UPDJC အလုပ်အဖွဲ့ခေါင်းဆောင်ဦးနိုင်ငံလင်းကတော့ “ချပေးထားတဲ့ ခေါင်းစဉ်တွေပဲ ရောက်မှာပါ။ လက်မခံတာတော့ မဟုတ်ဘူး။ စိစစ်ပြီးရင် ချမထားတဲ့ ခေါင်းစဉ်ဆိုရင် ပါလာမှာမဟုတ်ဘူး။ နှစ်စောင်လုံးတော့ ရောက်လာဖို့ မရှိဘူး”လို့ Frontier ကိုပြောပါတယ်။

ဖိုရမ်ကော်မတီဝင်တွေကတော့ အရပ်ဘက်အဖွဲ့အစည်းတွေသည် အများပြည်သူကို အခြေခံရတာဖြစ်လို့ ဟို အကြောင်းမဆွေးနွေးရ၊ ဒီအကြောင်းမဆွေးနွေးရဆိုပြီး ကန့်သတ်ဖို့မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

“အများပြည်သူကနေ ဘာခေါင်းစဉ်ဆွေးနွေးချင်လဲဆိုတဲ့ ပြည်သူတွေရဲ့အသံပေါ့လေ အဲ့ဒီအသံအတိုင်းကို အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ ကြားကနေ ဆောင်ရွက်ပေးရတာဖြစ်ပါတယ်”လို့ ဖိုရမ်နည်းပညာ ဆပ်ကော်မတီ အဖွဲ့ဝင် ဦးဝင့်ထည်ကောင်းမြတ်က ပြောတယ်။

UPDJC က လက်မခံတဲ့ အချက်တွေကို ဘာဆက်လုပ်မှာလဲလို့ Frontier ကမေးခွန်းတဲ့အခါ “လက်ရှိ ပင်လုံညီလာခံမှာသော်လည်းကောင်း၊ UPDJC မှာသော်လည်းကောင်း ပါဝင်တဲ့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေလည်း ချဉ်းကပ်ပြီးမှ ရအောင် တင်သွင်းသွားဖို့ အစီအစဉ်ရှိပါတယ်”လို့ UCCPF ကော်မတီဝင် မရန်ဂျော်ဂွန်းက ဆိုပါတယ်။

လက်ရှိကျင်းပနေတဲ့ အရပ်ဘက်အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ် နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၃ ရက်မှာတော့ UPDJC က တာဝန်ရှိသူတွေထံ အဲဒီစာတမ်းတွေပေးအပ်ဖို့ရှိပြီး သူတို့ဘယ်လိုသဘောထားမလဲဆိုတဲ့ အဖြေတစ်စုံတစ်ရာ ရဖို့ရှိနေပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar