အမှိုက်ပုံမီးကြောင့် ဆေးကုသမှု ခံယူရသူများတွင် ကလေးငယ်နှစ်ဦးလည်း ပါဝင်

ကျော်ရဲလင်း

အမှိုက်ပုံလောင်မှုကြောင့် မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများကြောင့် ဧပြီ ၂၆ ရက်နေ့အထိ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ ၁၉ ဦးနှင် ပြင်ပလူနာ ၁၉ ဦး တက်ရောက် ကုသမှု ခံယူခဲ့ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောကြားသည်။

ဧပြီ ၂၁ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းခဲ့သည့် အဆိုပါမီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ရန် မီးသတ်တပ်ဖွဲ့၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ကြိုးစားနေကြဆဲဖြစ်သည်။ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီးတည်ရှိသည့် အဆိုပါ အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံဖြစ်ကာ စုစုပေါင်းဧက ၃၀၀ ခန့်ရှိသည့်အနက် ဧက ၁၀၀ ခန့်တွင် လောင်ကျွမ်းနေသည်ဟု သက်ဆိုင်ရာက ပြောကြားထားသည်။

“လက်ရှိအချိန်အထိ လူနာ ၁၉ ဦးကို အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရပြီး ၁၉ ဦးကတော့ ပြင်ပလူနာဌာနမှာ ကုသပေးခဲ့ပါတယ်” ဟု လှိုင်သာယာဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက Frontier ကို ပြောကြားသည်။

“မီးခိုးရှုမိပြီး နေမကောင်းဖြစ်တဲ့လူနာတွေ ဆေးရုံကို ၂၃ ရက်နေ့ညကနေ စပြီး ရောက်ရှိလာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆေးရုံတက်လူနာ ၁၉ ဦးအနက် လေးဦးမှာ သက်သာလာပြီဖြစ်သောကြောင့် ဆေးရုံဆင်းသွားပြီဖြစ်ပြီး အဆုပ်ရောဂါအခံရှိသူ လူနာတစ်ဦးကိုမူ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးခဲ့သည်ဟု ၎င်းက ပြောသည်။

“နှစ်ယောက်က ကလေးတွေပါ။ အငယ်ဆုံးက သုံးနှစ်နဲ့ သုံးလပါ။ နှစ်ယောက်လုံးမှာ ရောဂါအခံရှိပါတယ်” ဟု ၎င်းကပြောသည်။ အသက်အကြီးဆုံးလူနာမှာ ၉၄ နှစ်အရွယ် အမျိုးသားဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျန်တဲ့လူနာ ၁၄ ဦးလုံးက သက်သာပါတယ်” ဟု ၎င်းကပြောသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့သည့် မီးသတ်သမားတစ်ဦးလည်း ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့သည်ဟုဆိုသည်။

dsc_2068.jpg

 title=

title=

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အတွင်းလူနာများ၏ သွေးတွင် ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှုကိုသိရှိနိုင်ရန် သွေးတွင်း Carboxyhaemoglobin ပမာဏကို စစ်ဆေး ကြည့်ခဲ့ရာ လူနာ ၁၉ ဦးအနက် ၁၄ ဦးတွင် ပမာဏ မြင့်တက်နေခဲ့ကြောင်း တွေ့ရသည်ဟုဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့လည်း လှိုင်သာယာမြို့နယ်၌ နေထိုင်သူတစ်ဦးက မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါဖြင့် လာရောက်ပြသခဲ့သည်ဟု သိရသည်။

မီးလောင်မှုမှ ထွက်ရှိသည့် မီးခိုးများကြောင့် လူလေးဦး သေဆုံးခဲ့သည့်ဟု သတင်းဌာနများက ရေးသားကြသော်လည်း လှိုင်သာယာမြို့နယ် ကျန်းမာရေးမှူး ဒေါ်ခင်ရူပါစိုးကမူ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးမှုကိုသာ သတင်းရရှိသည်ဟုဆိုသည်။

“ကျွန်မတို့ ဒီသတင်းကို စုံစမ်းခဲ့တဲ့အခါမှာ လူနာက နှလုံးနဲ့ ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ ရောဂါခံစားနေတယ်ဆိုတာ တွေ့ရှိခဲ့တယ်။ ဒါကြောင့် သေဆုံးမှုက မီးခိုးနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့တော့ ပြောလို့မရဘူး” ဟု ၎င်းကပြောသည်။

“ရောဂါအခံရှိသူတွေကို မီးခိုးက ပိုမိုဆိုးရွားသွားစေနိုင်တယ်။ အဲဒါကြောင့် ချောင်းဆိုးတာ၊ အသက်ရှုမဝတာတွေဖြစ်လာရင် ဆေးရုံကိုလာကြဖို့ ကျွန်မတို့ ပြောထားပါတယ်” ဟု ၎င်းကပြောသည်။

လှိုင်သာယာမြို့နယ်တွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ယာယီဆေးခန်း ခြောက်ခုကို ၂၄ နာရီ ဖွင့်လှစ်ထားသည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

ထို့ပြင် မီးခိုးငွေ့ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသည်ဟုဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar