လွှတ်တော်နှစ်ရပ်အတွက် ရွေးချယ်ခံခဲ့ရသည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုတင်
ရွေးချယ် လျာထားကြသူများ ဖြစ်ကြ
နေပြည်တော်၊ ဖေဖော်ဝါရီ ၃
ဦးမန်းဝင်းခိုင်သန်း။ ဓာတ်ပုံများ- တေဇလှိုင်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ယနေ့စတင်ကျင်းပပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမန်းဝင်းခိုင်သန်းနှင့် ဦးအေးသာအောင်တို့အား ရွေးချယ်လိုက်သည်။
အမျိုးသားလွှတ်တော်သို့ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး တက်ရောက်ခွင့်ရှိသည့်အနက် ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ဦးစိုးသိမ်းတစ်ဦးသာ ခွင့်ယူခဲ့ပြီး ကျန်ကိုယ်စားလှယ်အားလုံး တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းထိန်တို့အပြင် ပြည်ထောင်စု လွှတ်တော် နာယကဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။
လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးချယ်ရန် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၄)မှ ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးဇုန်လှယ်ထန်းအား သဘာပတိအဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက်
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌလောင်း အမည်စာရင်းကို တင်သွင်းရန် ဆန္ဒပြုလွှာများကို သဘာပတိက တင်သွင်းစေခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်တိုင်း အဆိုပြုလွှာတင်သွင်းကာ ဆန္ဒပြုပိုင်ခွင့်ရှိသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရွေးချယ်စဉ်ကကဲ့သို့ပင် အမည်စာရင်း အဆိုပြုလွှာကို ကိုယ်စားလှယ် တစ်ဦးတည်းကသာ လာရောက်ထုတ်ယူခဲ့ပြီး တစ်စောင်သာ ပြန်တင်ခဲ့သည်။
ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ကြေညာထားသည့်အတိုင်း ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌများကို လွှတ်တော်တွင် အဆိုပြုရွေးချယ်ကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။
ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်( ၈) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ် ဦးမန်း ဝင်းခိုင်သန်းသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမတ် (၆)မှ ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ် ဦးအေးသာအောင်သည် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရပြီး ကတိသစ္စာ ပြုခဲ့ကြသည်။
ဦအေးသာအောင်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာမွေမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ဒုဥက္ကဋ္ဌအဖြစ် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ဦးတီခွန်မြတ်တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးချယ်ခဲ့ပြီးဖြစ်သည်။
ယခုရွေးချယ်လိုက်သူများအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ကြိုတင်ရွေးချယ် လျာထားခံထားရသူများ ဖြစ်ကြပြီး တရားဝင်ဖြစ်စေရန် အဖွဲ့ချုပ် ကိုယ်စားလှယ်အများစုပါဝင်သည့် လွှတ်တော်များတွင် အတည်ပြုခဲ့ကြခြင်းသာ ဖြစ်သည်။
ဒုတိယအကြိမ် လွှတ်တော်များကို ဦးဆောင်သူများသည် ဗမာ၊ ကရင်၊ ကချင်နှင့် ရခိုင်လူမျိုးများ ဖြစ်သည့်အတွက် ဥပဒေပြုအာဏာ ခွဲဝေရေးတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတည်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သုံးသပ်ထားကြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ပြည်ထောင်စု လွှတ်တော်၏ နာယကအဖြစ် လွှတ်တော် သက်တမ်း ပထမနှစ်နှစ်ခွဲတွင် တာဝန်ယူရမည် ဖြစ်သည်။
သတင်း- စိုးသန်းလင်း