အမျိုးသားရေးအမည်ခံအဖွဲ့များကို မဘသ ကာကွယ်ပြောဆို

ရန်ကုန်၊ မေ ၁၆

ပြီးခဲ့သည့် ရက်များအတွင်း ဖြစ်ပေါ်ခဲ့သည့် မင်္ဂလာတောင်ညွန့်နှင့် သာကေတဖြစ်ရပ်များတွင် အမျိုးသားရေးအမည်ခံအဖွဲ့များ၏ လုပ်ရပ်များနှင့် ပတ်သက်၍ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ် ပြောဆိုသွားသည်ကို တွေ့ရသည်။

အင်းစိန်ရွာမရှိ မဘသ ဗဟိုတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဧပြီ ၂၈ နှင့် ယခုလ ၉ ရက်နေ့များက ဖြစ်ပွားသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ မဘသ ဦးဆောင်ဆရာတော် ငါးပါးက ရှင်းလင်းခဲ့သည်။

“ဒီပြဿနာဟာ အကယ်၍သာ လွန်ခဲ့တဲ့နှစ်တွေက လက်မှတ်တွေထိုးထားပါလျက်၊ ဒီဥစ္စာဟာ စာသင်ကျောင်းကို စာသင်ကျောင်းအဖြစ်နဲ့သာ သွားနေမယ်ဆိုရင် သာကေတဆိုတဲ့ ပြဿနာကြီးဟာ ဖြစ်ပေါ်လာစရာ အကြောင်းကို မရှိပါဘူး” ဟု မျိုးချစ်အမည်ခံအဖွဲ့များ၏ လုပ်ရပ်နှင့် ပတ်သက်၍ မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဒေါက်တာ အရှင်သောပါကက ဖြေကြားခဲ့သည်။

ထို့ပြင် “ဒါကြောင့် သာကေတနဲ့ပတ်သက်ပြီး မှားတာမှန်တာထက်၊ ဘုန်းဘုန်းတို့ ပြောချင်တာက ဝန်ခံကတိတွေ မလုပ်တော့ပါဘူးလို့ လုပ်ထားပါလျက် လုပ်လာတဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတခုလို့ ဒီလိုသုံးသပ်ပါတယ်” ဟု ၎င်းက မိန့်ကြားသည်။

ဧပြီ ၂၈ ရက်နေ့က သာကေတဖြစ်စဉ်တွင် မျိုးချစ်အမည်ခံပုဂ္ဂိုလ်များအား ၎င်းတို့ ရင်ဆိုင်နေရသည့်အမှုအတွက် နံနက်ပိုင်းတွင် တရားရုံးထုတ်အပြီး ညနေပိုင်းတွင် အဆိုပါလူအုပ်စုများက မူဆလင်စာသင်ကျောင်းများကို လူစုလူဝေးဖြင့် သွားရောက်ပိတ်ခိုင်းရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစာသင်ကျောင်းများကို မျိုးချစ်အမည်ခံအဖွဲ့များ၏ အလိုအတိုင်း အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။

မေ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့် ဖြစ်ရပ်နှင့်ပတ်သက်၍လည်း “ပြဿနာတွေရှိလာပြီ။ ဒါကို စစ်ဆေးပေးဖို့ တောင်းဆိုတဲ့အခါမှာ ဝင်ရောက်စစ်ဆေးမှုမပြုဘူး။ အချိန်တွေဆွဲတယ်၊ အဲ့အချိန်တွေ ဆွဲရင်းကနေပြီး တခါ သွားရောက် စစ်ဆေးမယ့်အခါမှာလည်းပဲ ဟိုလူလိုက်ခဲ့ပါ ခေါ်တယ်၊ ခေါ်တော့ လိုက်သွားကြတယ်၊ အဲဒီမှာ အမျိုးမျိုးပြဿနာတွေ တက်ခဲ့ကြတယ်” ဟု ဦးသောပါကက မိန့်သည်။

“ဒါတွေကလည်း ပြန်ပြီးတော့ သုံးသပ်ကြရင် ရပ်ကွက်ထဲမှာ ရပ်ကွက်နေသူ ပြည်သူကိုသော်လည်းကောင်း၊ နောက် ရန်ကုန်မြို့ကြီး၊ သို့မဟုတ် တနိုင်ငံလုံးပေါ့၊ အရေးကြီးနေတယ်၊ လူမျိုးခြား ဘာသာခြားတွေ၊ ဗမာစကားတောင် မတတ်တဲ့လူမျိုးခြား၊ ဘာသာခြားတွေဟာ အကြမ်းဖက်အစွန်းရောက်ဆိုတာ တကမ္ဘာလုံးမှာ အန္တရယ်အရမ်းကြီးနေပြီ၊ ဒါတွေ အရေးယူပေးပါလို့၊ မြင်နေတာကို စစ်ဆေးပေးပါလို့ တောင်းဆိုတာကို တာဝန်ရှိသူတွေက ချက်ချင်း စစ်ဆေးပေးမယ်ဆိုလို့ရှိရင် ဒီပြဿနာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး” ဟု ၎င်းက မိန့်သည်။

မဘသ ဦးဆောင်ဆရာတော်များက အဆိုပါ မျိုးချစ်အမည်ခံအုပ်စုများနှင့် မျိုးချစ်ရဟန်းပျိုများသမဂ္ဂသည် မဘသနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုကြသည်။ သို့သော် ပြဿနာများ ကြီးကျယ်လာပါက ဆရာတော်ကြီးများက ဝင်ရောက်ပြီး လမ်းညွှန်ပြသပေးမှုများ ရှိသည်ဟု ဆိုသည်။

ဦးဝီရသူအပေါ် မဘသ၏ သဘောထား

မဘသ၏ ဦးဆောင်ဆရာတော်များထဲတွင် တပါးအဝင်ဖြစ်သည့် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၏ လုပ်ကိုင်ပြောဆိုမှုနေမှုများနှင့် ပတ်သက်၍လည်း မဘသအဖွဲ့ကြီးအနေနှင့် အဖွဲ့အစည်း စည်းမျဉ်းအရ၊ အရေးယူရန်အတွက် စဉ်းစားဆုံးဖြတ်ရန် မရှိသေးဟု ဆိုသည်။

“ဦးဝီရသူကိုယ်တိုင်က သူ အလုပ်တခု လုပ်တော့မယ်ဆိုလို့ရှိရင် ဝီရသူ သဘောထား ဆိုတာမျိုးတွေ ပြောပါတယ်။ နောက် … သူ့ရဲ့ တသီးပုဂ္ဂလယူဆချက်ဖြစ်တယ်လို့ ပြောနေတာတွေလည်း ရှိပါတယ်။ အဲ့ဒီအပေါ်မှာ ဦးဇင်းတို့က ဘာမှ ရှင်းစရာ မရှိပါဘူး” ဟု ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဆရာတော် ဦးပညာဝရက မိန့်ကြားသည်။

“မဘကကို ပျက်စီးရာပျက်စီးကြောင်း လုပ်လာပြီဆိုရင် အဖွဲ့ဝင်တဦးဦးက လုပ်လာပြီဆိုရင် သူ့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဖို့ မူဝါဒရှိပါတယ်။ ငြိစွန်းမှုမရှိသေးဘူးဆိုရင် ဘယ်သူ့ကိုမှ အရေးယူ ဆောင်ရွက်မှာ မဟုတ်ပါဘူး” ဟု မဘသ ဦးဆောင်ဆရာတော် ဒေါက်တာ အရှင်ဦးသောပါက က Frontier ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

မဘသအဖွဲ့ကြီး၏ လေးနှစ်ပြည့်အဖြစ် ယခုလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် အထိမ်းအမှတ်ပွဲ ကျင်းပမည်ဖြစ်ပြီး တနိုင်ငံလုံးမှ မဘသ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များကို ဖိတ်ကြားထားသည်။

မဘသအဖွဲ့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် လူပုဂ္ဂိုလ်များ အဓိက ပါဝင်ဖွဲ့စည်းထားသည့် ဓမ္မဝံသာနုရက္ခိတဟု အမည်ရသည့် အဖွဲ့တခုကိုလည်း ဖွဲ့စည်းထားပြီး ယခုသတင်းစာရှင်းလင်းပွဲတွင် အဆိုပါအဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းခဲ့သည်။

အဆိုပါအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီပိုင်ရှင် ဦးစိုးထွန်းရှိန် က တာဝန်ယူထားသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar