ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ပြစ်တင်မှုများ မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ”ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး” အတွက် ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကတိပြု ပြောကြားလိုက်သည်။
စင်ကာပူနိုင်ငံတွင် ကျင်းပသည့် စီးပွားရေးဖိုရမ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိနေသည့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရရှိရေး လိုအပ်နေသည်ဟု ပြောကြားသည်။
ရိုဟင်ဂျာအရေးအား ကိုင်တွယ်မှုနှင့် ပတ်သက်ပြီး ၎င်း၏ အစိုးရအပေါ် နိုင်ငံတကာ၏ ဖိအား မြင့်တက်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ချမ်းသာကြွယ်ဝသော စင်ကာပူနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။ စင်ကာပူသည် တရုတ်နိုင်ငံပြီးလ ျှင် မြန်မာနိုင်ငံ၌ ဒုတိယမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်သည်ဟုဆိုကာ ရိုဟင်ဂျာများ ဘင်္ဂလားဒေရှ့်နိုင်ငံနယ်စပ်သို့ အုပ်စုလိုက် ရောက်ရှိသွားကြသည်။
မြန်မာအစိုးရက အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ပြီးခဲ့သည့်လက ရဲစခန်းများကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများကို တပ်မတော်က လိုက်လံ ရှာဖွေနေခြင်းသာဖြစ်သည်ဟု ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ပေါင်းများစွာလည်း တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။
“ရှင်တို့အားလုံး သိထားကြတဲ့အတိုင်းပါပဲ။ ကျွန်မတို့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ကျွန်မတို့နိုင်ငံက တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ရှင်တို့ စင်ကာပူတွေ ဂုဏ်ယူနေကြတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးဆိုတာကို ရရှိနိုင်ဖို့ ကျွန်မတို့ လုပ်ကြရဦးမှာပါ” ဟု အသက် ၇၁ နှစ်ရှိပြီဖြစ်သည့် ခေါင်းဆောင်က ပြောကြားသည်။
“မတည်ငြိမ်တဲ့ တိုင်းပြည်မှာ စီးပွားရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံလိုကြမှာ မဟုတ်ပါဘူး။ မတည်ငြိမ်တာကို ကျွန်မတို့လည်း ဆန္ဒမရှိပါဘူး။ ဒါပေမယ့် မညီညွတ်မှုတွေရှိနေတဲ့ သမိုင်းကြောင်းက ကျွန်မတို့ နိုင်ငံမှာ ရှည်လျားလှပြီ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးက ကျွန်မတို့အတွက် ရှောင်လွှဲမရတဲ့ အရေးကြီးတဲ့အရာတွေဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သတင်း-အေအက်ဖ်ပီ