အမျိုးသမီးများအား တန်ဖိုးထားကာ တန်းတူအခွင့်အရေးများ ရရှိလာကြစေရေးအတွက် မိသားစုများအတွင်းမှ စတင်ကြရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
“အမျိုးသမီးများကို တန်ဖိုးထားဖို့ဆိုတာ စရမှာက မိခင်များကနေ စရမှာ ဖြစ်ပါတယ်၊ အဲ့ဒါအတွက် ကျွန်မ အထူးသတိပေးချင်ပါတယ်” ဟု နေပြည်တော်တွင် ယနေ့ကျင်းပခဲ့သည့်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ၎င်းက ပြောကြားသည်။
“ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ ဆိုလို့ချင်ရင် ယဉ်ကျေးမှုအရ မိန်းကလေးတွေကို တန်ဖိုးထားတယ်ဆိုတာ မိဘကို အလုပ်အကျွေးပြုဖို့၊ မိဘစကားနားထောင်တဲ့ မိန်းကလေးတွေကနေပြီး တာဝန်ကျေတယ်ဆိုပြီး တန်ဖိုးထားပေမယ့်လည်း သားယောကျ်ားလေးတွေ ဦးစားပေးတဲ့ အလေ့အကျင့်ဟာ အခုထက်ထိ မပျောက်သေးတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မိုလို့ ဒါဟာ မိသားစုထဲက စရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“သမီးတွေနဲ့ သားတွေနဲ့ တန်းတူရည်တူ တန်ဖိုးထားဖို့ပါပဲ။ တန်းတူရည်တူ အခွင့်အရေးလို့ ကျွန်မ မပြောချင်ဘူး။ အခွင့်အရေးဆိုတာကတော့ သူ့ရဲ့လိုအပ်ချက်အရ ဖြစ်လာတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တန်းတူရည်တူတော့ တန်ဖိုးထားစေချင်ပါတယ်။ မိခင်များက ဒီဟာကိုစမှ ကျွန်မတို့နိုင်ငံမှာ တကယ့်ကို အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြားမှာ တန်းတူရည်တူမှုဆိုတာ ရှိလာမှာပါဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သမိုင်းအစဉ်အလာအရ အမျိုးသားများက အမျိုးသမီးများထက် အခွင့်အရေးနှင့် အခွင့်အလမ်းများ ပိုမိုရရှိခဲ့ကြောင်း၊ သို့သော် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများကြောင့် အမျိုးသမီး အခွင့်အရေးများမှာ အမျိုးသားတွေနှင့် တန်းတူ မဖြစ်သေးသော်လည်း အတိတ်ကာလကထက် များစွာတိုးတက်ရရှိလာသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
“အမျိုးသမီးများရဲ့ အခွင့်အရေးတွေ ပိုမိုရရှိလာခြင်းဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ လူ့အခွင့်အရေး စံချိန်၊ စံနှုန်းများ မြင့်မားလာမှာ ဖြစ်သလို အမျိုးသမီးထုရဲ့ စွမ်းပကားကို ပိုမို အသုံးချနိုင်လာတဲ့အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
“အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်အခွင့်အရေးတွေ သိရှိသလို မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်ဖို့လို့ လိုအပ်ပါတယ်။ အခွင့်အရေးသာ တောင်းခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိလို့ချင်ရင် ဒါဟာ အပေါင်း လက္ခဏာဆောင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။