အမျိုးသမီးတစ်ဦးအား အက်စစ်ဖြင့် ပက်သူကို ထောင် ခုနစ်နှစ်သာ ချမှတ်မှုကို အယူခံဝင်မည်

ရန်ကုန်၊ ဧပြီ ၄

အမျိုးသမီးတစ်ဦးအား အက်စစ်ဖြင့် ပက်ခဲ့သည့် အမျိုးသားတစ်ဦးကို သံဖြူဇရပ်မြို့နယ်တရားရုံးက မတ် ၃၁ ရက်နေ့တွင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့မှုကို အယူခံ ဆက်လက်ဝင်သွားမည်ဟု ၎င်းအမှုတွင် အမျိုးသမီးဘက်မှ ကူညီပေးနေသည့် အခရာ အမျိုးသမီးအဖွဲ့မှ သိရသည်။

အဆိုပါအမှုကို ၂၀၁၆ ခုနှစ်၊ မေ ၂၂ ရက်နေ့က စတင်စစ်ဆေးခဲ့ကာ ၁၀ လကျော်အတွင်း ရုံးချိန်းအကြိမ်ပေါင်း ၃၀ ကျော် ပြုလုပ်ပြီးနောက် ကျူးလွန်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို မတ် ၃၁ ရက်နေ့တွင် စီရင်ချက် ချခဲ့ခြင်းဖြစ်သည်။

“ရာဇသတ်ကြီးပုဒ်မ ၃၂၆၊ လူတစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရစေမှုအရ အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၃၂၄၊ သာမန်နာကျင်စေမှုအရ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်၊ ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေဆိုပြီး သံဖြူဇရပ်မြို့နယ် တရားရုံးက ပြစ်မှုကျူးလွန်သူကို စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်ပဲ ချမှတ်လိုက်တာပါ”ဟု အခရာ အမျိုးသမီးအဖွဲ့ ဥပဒေရေးရာ အကြံပေးဖြစ်သူက Frontierကို ပြောသည်။

“ဒီပုဒ်မတွေနဲ့ ဒီလောက်ပဲ ဖြစ်သွားတာ ကျွန်မတို့ မကျေနပ်နိုင်ပါဘူး။ ကျွန်မတို့က တစ်ပေါင်းတည်းမဖြစ်စေချင်ဘူး။ ဥပမာ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးနှစ်၊ ၃၂၆ အရ ထောင်ဒဏ်ခုနစ်နှစ်၊ စုစုပေါင်း ၁၀ နှစ်ဆိုရင်တော့ ကျွန်မတို့အနေနဲ့ ခံသာသေးတယ်။ ကာယကံရှင်ကလည်း ဒီစီရင်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်ပါဘူး။ ကျူးလွန်တဲ့သူက ခုနစ်နှစ်နဲ့ အပြစ်ပြီးသွားမယ်။ အကြမ်းဖက်ခံရတဲ့သူရဲ့ ဒဏ်ရာတွေကျတော့ တစ်နှစ်၊ နှစ်နှစ်နေလို့ ပျောက်သွားမယ့် ဒဏ်ရာမျိုး မဟုတ်ဘဲနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်အချိန်၊ ဘယ်အတိုင်းအတာထိ ဆေးကုနေရမယ်ဆိုတာ အတိအကျတောင် မသိနိုင်သေးဘူးလေ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဤအမှုကိစ္စ ပြီးပြတ်သွားပြီဖြစ်သော်လည်း အက်စစ်ဖြင့် အပက်ခံရသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး၏ ဘဝရှေ့ရေးအတွက် စိုးရိမ်မိကြောင်း၊ တရားခံအမျိုးသား၏ ခြိမ်းခြောက်မှုများကို ထိုအမျိုးသမီး ခံစားနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ထောင်က ပြန်လွတ်လာရင် နင်မလွယ်ဘူးလို့ ကျွန်မကို သူခြိမ်းခြောက်ဖူးတယ်။ အခုအချိန်ထိတော့ အက်ဆစ်ထိလို့ ရထားတဲ့ဒဏ်ရာတွေကြောင့် ကျွန်မ အပြင်မထွက်နိုင်သေးပါဘူး”ဟု အက်စစ်ဖြင့် အပက်ခံခဲ့ရသူ အမျိုးသမီးက Frontier ကို ပြောသည်။

အဆိုပါ တရားစီရင်ချက်ကို ကျေနပ်မှုမရှိသည့်အတွက် ၎င်းတို့အနေဖြင့် ဆက်လက် အယူခံဝင်သွားမည်ဖြစ်သည်။

အက်စစ်ဖြင့် အပက်ခံရသူ အမျိုသမီးမှာ ယခင်က မွန်ပြည်နယ်၊ သံဖြူဇရပ်ရှိ သေမင်းတမန် မီးရထားလမ်းပြတိုက်တွင် စာရင်းကိုင်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၎င်း၏ ချစ်သူဟောင်းဖြစ်သူ အမျိုးသားက ၎င်းတို့နှစ်ဦး လက်ထပ်ထားပြီးဖြစ်သည်ဟု Facebook ပေါ်တွင် မဟုတ်မမှန် ရေးသားခဲ့ရာမှ ပြဿနာအစပြုခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ အမျိုးသမီး၏ မိခင်က အဆိုပါအမျိုးသားကိုကို အိမ်ခေါ်ပြီး ဖြေရှင်းခဲ့ရာမှ အမျိုးသားက မကျေမနပ် ဖြစ်သဖြင့် ၂၀၁၆ ခုနှစ်၊ မေလတွင် ထိုအမျိုးသမီး ရုံးဆင်းချိန်၌ အက်စစ်ဖြင့် ပက်ခဲ့ခြင်းဖြစ်သည်။

အက်စစ်ဖြင့်အပက်ခံခဲ့ရသဖြင့် အမျိုးသမီး၏ မျက်နှာတစ်ခြမ်း၊ မျက်လုံးတစ်လုံးနှင့် နားတစ်ဖက် လုံးဝပျက်စီးသွားသဖြင့် အခရာမြန်မာအမျိုးသမီးအဖွဲ့က ဦးဆောင်ကောက်ခံရရှိခဲ့သည့် အလှူငွေများဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သွားရောက် ဆေးကုသခဲ့ရသည်။ ယခုအခါ အဆိုပါအမျိုးသမီးမှာ မည်သည့်အလုပ်အကိုင်မှ မလုပ်ကိုင်နိုင်သေးကြောင်းလည်း သိရသည်။

အက်စစ်ဖြင့် အပက်ခံရသည့် အမျိုးသမီးငယ်၏ ခံစားချက်နှင့် အခက်အခဲများကို အများပြည်သူ နားလည်နိုင်ပြီး ဥပဒေအတိုင်း တိတိကျကျ မြန်မြန်ဆန်ဆန် တရားစီရင်ပေးရန်နှင့် အမျိုးသမီးများကို အကြမ်းဖက်ခြင်းမှ တားဆီး ကာကွယ်ပေးသည့် ဥပဒေတစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် အက်စစ်ဖြင့် အကြမ်းဖက်မှု အလိုမရှိဟူသည့် လှုပ်ရှားမှုတစ်ခုကို အခရာအမျိုးသမီးအဖွဲ့က ဦးဆောင်၍ ပြီးခဲ့သည့် စက်တင်ဘာလက ကျင်းပခဲ့သည်။

သတင်း-ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar