အမျိုးဘာသာ ကာကွယ်ရေးကို တစ်လအတွင်းမလုပ်က အစိုးရကို အရှိန်မြှင့်ဆန္ဒပြမည်ဟု ကြုံးဝါး

နေပြည်တော်၊ မေ ၂၀

နေပြည်တော်သို့ လာရောက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်သူများက အမျိုးဘာသာကာကွယ်ရေးစီမံချက်အား အမြန်ဆုံးအကောင် အထည်ဖော်ရန် အစိုးရကို တောင်းဆိုလိုက်ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်း၌ ယနေ့ကျင်းပသည့် အဆိုပါ ဆန္ဒပြပွဲတွင် ဖတ်ကြားခဲ့သည့် မျိုးချစ်အဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်ဟုဆိုသော စာတစ်စောင်တွင် အထက်ပါ တောင်းဆိုချက် ပါဝင်ခြင်းဖြစ်သည်။

“နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က မျိုးချစ်တို့၏ ဆန္ဒထုတ်ဖော်မှုများအား အလေးထား ဖြေရှင်းပေးရမည်၊ သူရဦးအောင်ကို၏ လုပ်ဆောင်ချက်များသည် အစ္စလာမ်ဘာသာဝင်များကို အလေးပေးနေ၍ အမြန်ဆုံး နှုတ်ထွက်ပေးရမည်၊ ရဟန်းရှင်လူများအပေါ် ကာမရာဂအရေးအသားများ ထုတ်ဖော်ရေးသားနေတဲ့ သူရဦးအောင်ကို၏ သမီးဖြစ်သူ မနှင်းစပယ်အောင်ကို အနေဖြင့် လူသိရှင်ကြား တောင်းပန်ရမည်” ဟူ၍ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် အကျဉ်းချခံထားရသည့် ဦးဝင်းကိုကိုလတ်ကို လွှတ်ပေးရန်၊ ဦးဝီရသူအား တရားဟောခွင့် အမြန်ဆုံး ပြန်ပေးရန်တို့ ပါဝင်ပြီး တောင်းဆိုချက်များအပေါ် အစိုးရ၏ လုပ်ဆောင်ချက်ကို တစ်လစောင့်ကြည့်မည်ဖြစ်ပြီး အလေးမထားပါက သပိတ်ခန်းဖွင့်လှစ်၍ အရှိန်မြှင့်ဆန္ဒပြမည်ဟုလည်း ပါဝင်သည်။

အဆိုပါပွဲကို လူ ၃၀၀ နှင့်သာကျင်းပရန်နှင့် ကျင်းပချိန် နှစ်နာရီထက်မကျော်လွန်စေရန် ဆန္ဒပြသူတို့နှင့် အာဏာပိုင်တို့ ညှိနှိုင်းကျင်းပခြင်းဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်များအတိုင်းသာဖြစ်၍ နောက်ဆက်တွဲ အရေးယူရန် အကြောင်းတစ်စုံတစ်ရာမရှိဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းက ပြောသည်။

ပွဲပြုလုပ်နေစဉ်အတွင်း ပရိသတ်များထဲမှ တစ်ဦးက ဝန်ကြီးအား အမည်တပ်ပြောဆိုရန် တောင်းဆိုရာမှ ခေတ္တမျှ ရုတ်ရုတ်သည်းသည်းဖြစ်သွားခဲ့ပြီး ၎င်းအား ရဲတပ်ဖွဲ့က ခေါ်ယူသွားကာ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရဲမှူးအောင်သန်းက ပြောကြားသည်။

ဆန္ဒပြပွဲစီစဉ်သူတို့က ဟောပြောရာစင်မြင့်ရှေ့တွင် ပလတ်စတစ်ကြိုးတား၍ လူ ၃၀၀ ကို ရေတွက်သွင်းယူပြီး စည်းအပြင်ဖက်ရှိသူတို့မှာ တက်ရောက်နားထောင်သူများသာဖြစ်သည်ဟု ပြောကြားကြသည်။

မီဒီယာများအနေဖြင့် ပွဲတာဝန်ရှိသူများထံသာ မေးမြန်းရန်နှင့် ပရိသတ်များအား မေးမြန်းခြင်းမပြုရန်လည်း ပွဲစီစဉ်သူများက ကြေညာခဲ့သေးသည်။

ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးများ၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ သံဃာ၊ အသင်းအဖွဲ့ များ လူပုဂ္ဂိုလ်များ ယာဉ်အစီးရေ ၂၁၃ စီးဖြင့်လာရောက်သည့် အဆိုပါ ဆန္ဒပြပွဲတွင် ရွှေနံသာကွင်းအတွင်း စုစုပေါင်းလူဦးရေ ၁,၀၀၀ ကျော်ရှိခဲ့သည်။

ဆန္ဒပြပွဲတွင် ကြွေးကြော်သံများ ဟစ်ကြွေးကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ ဥုးဇန္ဒိတ၊ ဦးအေးမင်းထွန်းနှင့် ဦးအေးပိုင်တို့က ဟောပြောခဲ့ကြသည်။