မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားမှု ရုပ်သိမ်းပေးရန် အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးရေး တိုက်တွန်းသည့် အဆိုတစ်ခုကို လက်ခံဆွေးနွေးခြင်းမပြုရန် ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
ထိုအဆိုကို သြဂုတ် ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သာစည်မြို့နယ်အမတ် ဦးသန်းစိုးက တင်သွင်းခြင်းဖြစ်သည်။
အဆိုရှင် ဦးသန်းစိုးက “နိုင်ငံတကာက မြန်မာဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုနေကြပါတယ်။ အားပေးထောက်ခံပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဒီမိုကရေစီ အုတ်မြစ်ဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖွံဖြိုးတိုးတက်မှု ဖော်ဆောင်နေတဲ့အချိန်၊ ဒီလိုအချိန်မျိုးမှာ ကမ္ဘာဒီမိုကရေစီ ဦးဆောင်နိုင်ငံလို့ ခံယူထားတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို ပိုမိုအားပေးသင့် ထောက်ခံသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု လွှတ်တော်သို့ ရှင်းပြခဲ့သည်။
သို့သော် မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၁၅၁ မဲ၊ ကန့်ကွက်မဲ ၂၁၉ မဲ၊ ကြားနေမဲ ၁၆ မဲရရှိခဲ့သည်။ ထို့ကြောင့် ကန့်ကွက်မဲများနေသဖြင့် အဆိုကို ဆက်လက်ဆွေးနွေးခြင်း ပြုမည်မဟုတ်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အသိပေး ပြောကြားခဲ့သည်။
လွှတ်တော်တွင် လူများစုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အမတ်အချို့ကမူ အမေရိကန် နိုင်ငံ၏ လက်ရှိပိတ်ဆို့မှုမှာ မြန်မာနိုင်ငံကို ပြုလုပ်ခြင်းမဟုတ်ဘဲ ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် တားဆီးမှုပြုခဲ့သူ တစ်ဦးချင်းအပေါ် ပိတ်ဆို့ထားခြင်းသာဖြစ်၍ အဆိုကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း မီဒီယာများကို ပြောကြားသည်။
အဆိုရှင်ကမူ အမေရိကန်နိုင်ငံက မြန်မာ့ဒီမိုကရေစီရေးအပေါ် အားပေးထောက်ခံမည်ဟူ၍ ကတိစကား ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့သည့် ပိတ်ဆို့မှုများကို ၂၀၁၆ ခုနှစ်တွင် ထပ်မံသက်တမ်းတိုးခဲ့ခြင်းကြောင့် မြန်မာ့ဖွံ့ဖြိုးမှုကို နောက်ပြန်ဆွဲသလိုဖြစ်နေကြောင်း ပြောသည်။
အမေရိကန်အစိုးရက ပြီးခဲ့သည့် မေလက ထုတ်ပြန်သော ကြေညာချက်အရ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုကို သက်တမ်းတစ်နှစ်တိုးမြှင့်ခဲ့သည်။ သို့သော် ဖြေလျော့မှုများလည်း ပြုလုပ်ပေးခဲ့ပြီး နိုင်ငံပိုင်ဘဏ်အချို့နှင့် စီးပွားရေးလုပ်ငန်းအချို့ကို အရေးယူပိတ်ဆို့ထားမှုစာရင်းမှ ဖယ်ရှားပေးထားသည်။
သတင်း-ဉာဏ်လှိုင်လင်း