အမေရိကန်နိုင်ငံက ထောက်ပံ့သည့် ရန်ပုံငွေများကို ဖြတ်တောက်လိုက်ခြင်းက မြန်မာနိုင်ငံတွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးစနစ်ပြိုလဲသွားသဖြင့် ထိခိုက်အလွယ်ဆုံး ရောဂါသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း မရေရာတော့သည့် အနေအထားသို့ ရောက်ရှိလာသည်။
အံ့ဖွယ်အောင်၊ ဖရွန်တီးယား။
ကုန်ကားမောင်းသူ ဦးကျော်သန်းတစ်ယောက် ယမန်နှစ်၊ နှစ်လယ်လောက်တွင် အပြင်းအထန် ဖျားနာပြီး အိပ်ရာထဲလဲသွားသည်။ ၎င်းသည် မန္တလေးမှ ရှမ်းပြည်တောင်ပိုင်းသို့ ဆန်နှင့် အခြားစားသောက်ကုန်များ တင်ပို့ပြီး အပြန်ခရီးတွင် ဖျားနာခြင်းဖြစ်သည်။ ခြောက်နာရီကြာ မောင်းရသည့် ထိုခရီးသည် ၎င်းအတွက် ပုံမှန် လုပ်နေကျအလုပ်ဖြစ်ကာ ထိုသို့ အလုပ်ပန်း၍ ဖျားနာခြင်းမဟုတ်ပေ။ ခရီးမှပြန်ရောက်ပြီးမကြာမီ ၎င်းတွင် ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်အရ သိရှိလာရသည်။
ထိုသတင်းသည် စိုးထိတ်ဖွယ်ဖြစ်သော်လည်း ဦးကျော်သန်းအတွက်မူ အံ့ဩစရာမဟုတ်တော့ပေ။ ဦးကျော်သန်းနှင့် ဇနီးဖြစ်သူတို့သည် ခုခံအားကျဆင်းမှုရောဂါ (HIVပိုး) ကူးစက်ခံထားရသည်မှာ နှစ်နှစ်ကြာပြီဖြစ်သည်။ HIV ရောဂါသည်များတွင် တီဘီရောဂါကူးစက်မှုနှုန်း မြင့်မားလေ့ရှိပြီး အဆုတ်ကို ထိခိုက်စေကာ ကုသမှု ကောင်းမွန်စွာ မခံယူပါက အသက်သေဆုံးသည်အထိ ရောဂါပြင်းထန်သည်။
ကံအားလျော်စွာပင် ဦးကျော်သန်း၏ ဇနီးသည် တီဘီရောဂါကူးစက်မခံရဘဲ ၎င်းတို့၏ လေးနှစ်အရွယ် သမီးငယ်မှာလည်း HIVနှင့် တီဘီပိုး နှစ်ခုလုံးကင်းစင်နေသည်။ သို့တိုင်အောင် ဦးကျော်သန်းတွင် ထိုရောဂါများ ကူးစက်ခံထားရခြင်းက မိသားစုအတွက် ကြမ္မာဆိုး ကျရောက်ခြင်းပင်။
ဦးကျော်သန်းသည် ယခင်ကလို ပင်ပင်ပန်းပန်း အလုပ်မလုပ်နိုင်တော့သလို ဇနီးဖြစ်သူ ဒေါ်ကြူကြူမြင့်ကလည်း ဖျားနာသည့် ခင်ပွန်းကို ပြုစုရန်လိုအပ်သဖြင့် မိသားစုစားဝတ်နေရေးအတွက် ပန်းရောင်းသည့်အလုပ်ကို ရပ်နားထားရသည်။ ထို့ကြောင့် မိသားစုတွင် ဝင်ငွေလက်မဲ့ဖြစ်နေသည်။
ဆရာဝန်က ဦးကျော်သန်းသည် ၁၈လကြာအောင် ပုံမှန်ဆေးကုသမှုခံယူရမည်ဟုဆိုသည်။ ယမန်နှစ်၊ စက်တင်ဘာလမှစ၍ ၎င်းသည် ဆေးကုသမှု စတင်ခံယူခဲ့သည်။ မြန်မာနိုင်ငံအတွင်းက အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဥ် (USAID)က ထောက်ပံ့ငွေရရှိခဲ့သဖြင့် ဦးကျော်သန်းသည် ရောဂါကုသမှု ခံယူနိုင်ခဲ့သည်။ အောက်တိုဘာမှစတင်၍ အစားအသောက်၊ အိမ်ငှားခ၊ ဆေးဝါးနှင့် လမ်းစရိတ်အပါအဝင် တစ်လလျှင် မြန်မာငွေ ကျပ်၃၅၀,၀၀၀ (ဒေါ်လာ ၈၀) ခန့် ထောက်ပံ့မှု ရရှိခဲ့သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြည်ပအကူအညီများဖြတ်တောက်ရေး အစီအစဥ်ကြောင့် ထောက်ပံ့မှုများ လကုန်တွင် ရပ်တန့်တော့မည်ဆိုသည့် သတင်းစကားကို ဖေဖော်ဝါရီ၇ရက်တွင် ရရှိခဲ့သည်။
“ထောက်ပံ့မှုတွေရပ်မယ်ဆိုတာကြားရတော့ အတော်စိတ်ညစ်သွားတယ်။ ညတောင် ကောင်းကောင်း မအိပ်နိုင်တော့ဘူး။ မိသားစုစားဝတ်နေရေးအတွက် ဒီဟာကို မှီခိုနေရတာဆိုတော့ ထောက်ပံ့မှုမရရင် တော်တော်လေးဒုက္ခရောက်ရလိမ့်မယ်” ဟု ဒေါ်ကြူကြူမြင့်က ဖရွန်တီးယားသို့ ပြောသည်။ ဆွေမျိုးများထံမှလည်း ငွေချေးငှားရသည့် အခြေအနေသို့ရောက်သွားသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ ဧပြီထိ အကူအညီများ ရပ်ဆိုင်းထားဆဲဖြစ်သည်။
ဦးကျော်သန်းသည် ထောက်ပံ့မှုများရရှိခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံရှိ တီဘီရောဂါကုသရေး လုပ်ငန်းများသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူသည့် ဇန်နဝါရီမတိုင်ခင်ကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေနှင့်ပြီးဖြစ်သည်။
၂၀၂၁တွင် စစ်တပ်အာဏာသိမ်းလိုက်သည့်အခါ အားနည်းနေပြီးသားဖြစ်သည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် အကြီးအကျယ်ပြိုလဲသွားခဲ့သည်။ သောင်းနှင့်ချီသော အစိုးရကျန်းမာရေးဝန်ထမ်းများသည် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ စစ်ကောင်စီကလည်း ၎င်းထိန်းချုပ်နယ်မြေပြင်ပရှိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဖိနှိပ်ချေမှုန်းခဲ့သည်။
အာဏာမသိမ်းမီက အစိုးရ၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း အောက်တွင် လည်ပတ်နေသည့် တီဘီရောဂါရှာဖွေကုသရေးစင်တာ စုစုပေါင်း ၃၀၈ ခုရှိပြီး လက်ရှိတွင်မူ ၁၈၉ ခုသာ လည်ပတ်နိုင်တော့သည်။ အချို့စင်တာများက ဝန်ထမ်း မလုံလောက်မှုကြောင့် ရပ်တန့်သွားပြီး အချို့ကမူ ပဋိပက္ခဒေသများတွင် ကျရောက်နေသဖြင့် ပိတ်ထားရခြင်းဖြစ်သည်။ ဆက်လက်လည်ပတ်နေသေးသည့် စင်တာများတွင်လည်း လူနာဦးရေ အဆမတန်များပြားနေသည်။
“အစိုးရက တီဘီကုသရေးစင်တာတွေက အမြဲလူပြည့်နေတော့ အဝေးကြီးကလာတဲ့ လူနာတွေအတွက် အခက်အခဲရှိတယ်” ဟု ရန်ကုန်မြို့ခံ အသက်၃၀အရွယ် လူနာတစ်ဦးက ပြောသည်။ မြို့ပြင်ဘက်မှ လာသူများအနေဖြင့် နေစရာငှားရမ်းရခြင်း သို့မဟုတ် ခရီးဝေးအသွားအပြန် ပြုလုပ်ရသည့် အခက်အခဲကလည်း ရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
USAID က ပေးသကဲ့သို့ ထောက်ပံ့ငွေမျိုးမရရှိပါက နွမ်းပါးသည့် မိသားစုများအတွက် ထို ကုန်ကျစရိတ်ကပင် မြင့်မားလှသည်။ အကျိုးဆက်အနေဖြင့် တီဘီစင်တာများသို့ လူနာလာရောက်မှု နည်းပါးသွားနိုင်သည်ဟု မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် တီဘီရောဂါအထူးကုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာမင်းချမ်းမွန် (အမည်လွှဲ)က ခန့်မှန်းသည်။
“အဓိက ပြဿနာက ဆေးကုသမှုစင်တာမှာ ဒါမှမဟုတ် အနီးအနားမှာ နေလို့မရတဲ့အတွက် အိမ်ငှားဖို့လိုတဲ့ လူနာတွေအနေနဲ့ ထောက်ပံ့ကြေးမရတော့ရင် သူတို့ရွာတွေကိုပဲ ပြန်သွားကြမှာ” ဟု ဒေါက်တာမင်းချမ်းမွန်က ပြောသည်။ “ခရီးစရိတ်တွေ မတတ်နိုင်ကြတဲ့အတွက် လာနိုင်ကြမှာမဟုတ်ဘူး။ လာမယ့်လတွေထဲမှာ ရက်ချိန်းပြည့်တဲ့အခါ ပြန်လာပြရမယ့် လူနာအရေအတွက်က တော်တော်လေး နည်းသွားနိုင်တယ်”
ခရီးစရိတ်တတ်နိုင်နေသေးသည့် လူနာများမှာလည်း ကျန်ရှိနေသေးသည့် အစိုးရအစီအစဉ်ဖြင့် လည်ပတ်နေသည့်စင်တာများသာမက အစိုးရမဟုတ်သောအဖွဲ့အစည်းများထံမှပါ လုံလောက်သည့် ကုသမှုမျိုးကို ရရှိနိုင်ရန် ခက်ခဲနေသည်။
ကူးစက်ရောဂါထိန်းချုပ်ရေးအထူးပြုလေ့လာနေသည့် ဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာ သီတာဦး (အမည်လွှဲ) က “USAID က အကူအညီတွေနဲ့ တီဘီရောဂါနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ NGO အားလုံးနီးပါးဟာ ရန်ပုံငွေရပ်လိုက်မယ်ဆိုရင် တော်တော်လေးကို ထိခိုက်မှုရှိနိုင်တယ်” ဟု ဆိုသည်။ဦ
“တချို့ NGO တွေဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို လျှော့ချလိုက်ရတယ်” ဟု ဒေါက်တာသီတာဦးက ပြောသည်။
နောက်ပြန်ဆွဲသွားတဲ့ တိုးတက်မှု
မြန်မာနိုင်ငံတွင်း တီဘီရောဂါကုသရေးလုပ်ငန်းများသည် ပြည်ပအကူအညီများကို မှီခိုနေရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
ဆေးယဉ်ပါးတီဘီရောဂါရှင်သည် အစိုးရဆေးရုံဆေးခန်းများတွင် ကုသမှုခံယူရမည်ဆိုသည်မှာ အာဏာမသိမ်းမီကတည်းက တည်ရှိခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒဖြစ်သည်။ ၂၀၁၅မှစတင်၍ တီဘီရောဂါအတွက် ဆေးဝါးများကို အစိုးရရန်ပုံငွေဖြင့် ဝယ်ယူကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးက ယမန်နှစ်က ဆိုသည်။ သို့သော် ဒေါက်တာမင်းချမ်းမွန်ကမူ ဆေးဝါးဝယ်ယူရာတွင် အသုံးပြုသည့် အစိုးရဘတ်ဂျတ်သည် အနည်းငယ်မျှသာဖြစ်ကြောင်း ပြောသည်။
“ရိုးရိုးတီဘီလူနာတွေအတွက် စျေးပိုနည်းတဲ့ ပထမဦးစားပေးဆေးအတွဲ(First-line drugs)တွေကို ဝယ်တယ်။ ဒါပေမဲ့ ဆေးယဥ်ပါးတီဘီသမားတွေအတွက် စျေးပိုကြီးတဲ့ ဆေးတွေကိုကျတော့ Global Fund က အဓိကဝယ်ပေးတယ်” ဟု ၎င်းကဆိုသည်။
၎င်းတို့၏အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ ဂျီနီဗာအခြေစိုက် Global Fund အဖွဲ့သည် ခုခံအားကျဆင်းမှုရောဂါ (AIDS)၊ တီဘီနှင့် ငှက်ဖျားရောဂါတို့ကို တိုက်ဖျက်ရာတွင် ကူညီရန် ဖွဲ့အစည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ထိုရောဂါများ တိုက်ဖျက်ရန် ရန်ပုံငွေ ဒေါ်လာ၉ဒသမ၉ဘီလျံရှိပြီး တီဘီရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ၇၆ရာခိုင်နှုန်း လျာထားသည်။ သို့သော် မြန်မာသို့ ထောက်ပံ့သည့် ပမာဏကိုမူ ထိုအဖွဲ့အစည်းက လူသိရှင်ကြား ထုတ်ပြန်မထားပေ။
ပုဂ္ဂလိကဆေးခန်းများနှင့် ပြည်တွင်း NGO များက များသောအားဖြင့် ရိုးရိုးတီဘီလူနာများကို ကုသပေးပြီး ၎င်းတို့သည် တီဘီဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှရရှိသည်ဟု ဆိုကြသည်။ သို့သော် ထောက်ပံ့ပို့ဆောင်ရေး ပြဿနာများနှင့် သိုလှောင်စနစ်အားနည်းချက်တို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ပေးဝေသည့် တီဘီဆေးအများစုသည် ၎င်းတို့ထံသို့ ရောက်ရှိလာချိန်တွင် သက်တမ်းကုန်ဆုံးနေခြင်း သို့မဟုတ် သက်တမ်းကုန်ဆုံးရက် အလွန်နီးကပ်နေခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရလေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။
“မြေပြင်မှာက လူနာတွေဆို ရက်လွန်နေတဲ့ဆေးတွေသောက်နေကြတယ်။ ရန်ကုန်လို နေရာမျိုးမှာတောင် ဖြစ်နေတာဆိုတော့ သွားလာရခက်တဲ့၊ ခေါင်တဲ့ နေရာတွေဆို ဆေးပို့တာက ပိုပြီးတော့တောင် ကြန့်ကြာလိမ့်ဦးမယ်” ဟု ဒေါက်တာသီတာဦးက ပြောသည်။
“ကလေးတီဘီလူနာတွေဆိုလည်း လူကြီးတီဘီဆေးတွေ သောက်နေရတော့ အတော်စိုးရိမ်စရာပဲ။ အာဏာမသိမ်းခင်ကတည်းကကိုက ဒီအခြေအနေတွေက ဖြစ်နေတာ” ဟု ဒေါက်တာ မင်းချမ်းမွန်က ပြောသည်။
သို့သော် စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ အခြေအနေများသည် ပို၍ဆိုးရွားသွားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မြန်မာနိုင်ငံသည် တီဘီနှင့် တီဘီ/HIV (ရောဂါနှစ်မျိုးလုံး ကူးစက်ခံထားရသည့်) လူနာဥဦးရေအများဆုံး နိုင်ငံ၂၀တွင် ပါဝင်သည်ဟု သတ်မှတ်ထားသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်သူဦးရေသည် ၂၀၂၂တွင် လူတစ်သိန်းလျှင် ၄၇၅ဦးသာ ရှိခဲ့ရာမှ ၂၀၂၃တွင် ၅၅၈ဦးအထိ မြင့်တက်လာသည်ဟု WHO က ဆိုသည်။ မြင့်တက်လာသည့် ထိုပမာဏသည် အာဏာသိမ်းမှုမတိုင်ခင်က တိုးတက်မှုများနှင့် ပြောင်းပြန်ဖြစ်သွားခြင်းဖြစ်သည်။ ၂၀၁၅မှ ၂၀၂၀ အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံသည် တီဘီရောဂါဖြစ်ပွားမှုကို ၂၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။
ဆေးကုသခြင်းနှင့် အဆက်အသွယ်ခြေရာခံခြင်းလုပ်ငန်းစဉ်များသည် ကျန်းမာရေးစနစ် ပြိုလဲမှုနှင့် ပဋိပက္ခများကြောင့် ချောင်ထိုးခံထားရသည်။
“ကျန်းမာရေးဝန်ကြီးဌာနက လူအင်အားကလည်း အတော်လေးကို အကန့်အသတ်နဲ့ ရှိနေတယ်”ဟု ဒေါက်တာသီတာဦးကပြောသည်။ စစ်ကောင်စီက ဖိအားပေး၍ ကျန်းမာရေးဝန်ထမ်းအချို့ကို စစ်တပ်တွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်စေသဖြင့် ကျန်းမာရေးလုပ်သားအင်အား ထပ်မံလျော့နည်းသွားသည်ဟု ၎င်းကဆိုသည်။
“ဒါကြောင့် တချို့ ဆေးရုံ၊ ဆေးခန်းတွေဆို မလည်ပတ်နိုင်တော့သလို တချို့ကျန်းမာရေး ဝန်ထမ်းတွေကလည်း အလုပ်ထွက်ကုန်ကြတယ်။ အဲဒီတော့ လူနာတွေကလည်း ဆေးတွေ မရကြတော့ဘူး”
ထို့ပြင် ဆေးခန်းများသို့ ပုံမှန်လာရောက်သူများနည်းပါးသွားသည့်အတွက်လည်း ၎င်းတို့ထံမှ အခြားသူများသို့ ကူးစက်နိုင်ချေ ပို၍မြင့်တက်လာသည်။ လူနာအများအပြားသည် ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ဆေးဝါးကုသမှုကိုလည်း ပြည့်ပြည့်ဝဝ ရရှိကြမည်မဟုတ်ပေ။
ဆက်သွယ်မှုခြေရာခံခြင်းနှင့် ထိတွေ့ထားသည့်သူများကို စမ်းသပ်စစ်ဆေးခြင်းတို့သည် တီဘီရောဂါကို ထိန်းချုပ်ရာတွင် အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ရှိ ပြည်တွင်း NGO တစ်ခုက ထောက်ပံ့ပေးထားသော ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာထင်ကျော် (အမည်လွှဲ) ဆိုသည်။
“လူနာကို တွေ့တဲ့အခါ သူတို့တွေက တခါတရံမှာ ရောဂါရင့်တဲ့ အနေအထားကို ရောက်နေကြတာ တွေ့ရတယ်” ဟု ဒေါက်တာထင်ကျော်က ပြောသည်။ “ဒါက ထိတွေ့သူတွေကို ထိထိရောက်ရောက် ခြေရာမခံနိုင်တာရဲ့ နောက်ဆက်တွဲလို့ ဆိုရမယ်”
အကူအညီဖြတ်တောက်လိုက်တဲ့အတွက် နစ်နာမှု
မြန်မာနိုင်ငံအတွင်းက USAID အကူအညီဖြင့် လည်ပတ်နေသည့် လုပ်ငန်း၂၄ခုအတွက် ရန်ပုံငွေများ ဖြတ်တောက်မည်ဟု သမ္မတဒေါနယ်ထရမ့်က ဇန်နဝါရီလကုန်တွင် ကြေညာခဲ့သည်။ ထိုစီမံချက်၂၄ခုအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ၂၂သန်းဖြစ်ပြီး ဒေါလာ၁၀သန်းကို တီဘီနှင့် HIV ရောဂါကုသရေးတို့အတွက် လျာထားသည်။
ထိုလုပ်ရပ်မှာ USAID အနေဖြင့် “၂၀၃၀တွင် တီဘီရောဂါကူးစက်မှုကို သိသိသာသာလျှော့ချနိုင်ရန်နှင့် … တီဘီရောဂါ တိုက်ဖျက်ရာတွင် ရှေ့တန်းမှပါဝင်နေသည်”ဟု ယမန်နှစ်က သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစိုးရ၏ ပြောဆိုချက်နှင့် အကွာကြီးကွာခြားသွားသည်။
Global Fund က ဆေးယဥ်ပါးတီဘီရောဂါအတွက် တစ်လလျှင် လူနာတစ်ဦးကို ကျပ်၁၁၀,၀၀၀ ထောက်ပံ့ပေးနေဆဲဖြစ်သော်လည်း USAID ၏ ထပ်ဆောင်းအကူအညီမရရှိဘဲနှင့် ကုန်ကျစရိတ်များကို ကာမိရန် မလုံလောက်လှပေ။
ဆေးယဉ်ပါးတီဘီရောဂါသည်များအတွက် ဆေးကုသမှုနည်းလမ်း သုံးသွယ်ရှိသည်။ ခြောက်လကုသမှုအတွက် တစ်ဦးလျှင် ၄၂၈ဒေါ်လာ ကုန်ကျပြီး၊ ကိုးလကုသမှုအတွက် ၄၄၃ဒေါ်လာနှင့် ၁၈လအတွက် ၆၃၃ဒေါ်လာ ကုန်ကျသည်။ နေထိုင်သွားလာစရိတ်မပါဘဲနှင့်ပင် ထိုပမာဏများကို ဝင်ငွေနည်းပါးသည့်လူနာများ လက်လှမ်းမမီပေ။
USAID ၏ ထောက်ပံ့ငွေများရပ်ဆိုင်းသွားခြင်းသည် ဆက်သွယ်မှုခြေရာခံခြင်း လုပ်ငန်းစဥ် များကိုလည်း ထိခိုက်မှုဖြစ်စေသည်။
“ရောဂါရှာဖွေကုသမှုတွေကို အပြည့်အဝမလုပ်နိုင်ဘူးဆိုရင် တီဘီရောဂါ တိုက်ဖျက်ရေးမှာ အများကြီးနောက်ကျကျန်နေခဲ့လိမ့်မယ်”ဟု ဒေါက်တာထင်ကျော်က ပြောသည်။ “ဆက်သွယ်မှုခြေရာခံတာက နှောင့်နှေးနေရင် တီဘီရောဂါကူးစက်မှုက နိုင်ငံထဲမှာ ဆက်ပြီး ပျံ့နှံ့နေဦးမှာပဲ”
USAIDသည် စစ်ကောင်စီထိန်းချုပ်မှုပြင်ပရှိ နေရာများသို့လည်း ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။
ထောက်ပံ့မှုများ ရပ်တန့်သွားသဖြင့် ၎င်းတို့၏ ရွေ့လျားကျန်းမာရေးဝန်ဆောင်မှုများ အားနည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးကွန်ရက်(ကလေး)ကို ဦးဆောင်နေသူ ဒေါက်တာယောရှုက ဆိုသည်။ ထိုကွန်ရက်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ရာဒေသများတွင် အများပြည်သူကို ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နေသည်။
“အစကတည်းက မိသားစုတွေကို ဆွေးနွေးပညာပေးနေတဲ့အတွက် ကျနော်တို့ ကုသပေးနေတဲ့ တီဘီလူနာတွေက ဆေးသောက်ဖို့ကို စိတ်အားထက်သန်ကြတယ်”ဟု ၎င်းက ပြောသည်။ “ဒါပေမဲ့လည်း ငွေကြေးထောက်ပံ့မှုမရှိရင်ကျ ဆေးသွားကုပေးဖို့က တော်တော်လေး ခက်သွားလိမ့်မယ်”
၎င်းဦးဆောင်သည့် ကွန်ရက်သည် လက်ရှိတွင် တီဘီလူနာ ၄၀ဦးခန့်ကို ဆေးဝါးကုသပေးနေပြီး ဇန်နဝါရီတွင် လူနာသစ်ကိုးဦး ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေါက်တာယောရှုက ဆိုသည်။ ကရင်ပြည်နယ်ရှိ Burma Medical Association က အမေရိကန် ထောက်ပံ့မှုဖြင့်ရပ်တည်နေသည့် ၎င်းတို့၏ ဆေးခန်း ၂၀တွင် အချို့သော ဝန်ဆောင်မှုများကို ရပ်ဆိုင်းလိုက်ရသည်ဟု ဆိုသည်။
၎င်းအာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများ တိုးမြှင့်လုပ်ဆောင်ရန်သာ အာရုံစိုက်နေသဖြင့် တီဘီရောဂါပြန့်ပွားမှု မြင့်တက်သည့်တိုင် စစ်ကောင်စီက ၎င်း၏ ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်းမပြုပေ။ ထိုလုပ်ဆောင်ချက်များအနက် ယမန်နှစ်က စတင်ခဲ့သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းခြင်းလည်း ပါဝင်သည်။ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတစ်ဝန်း လူငယ်လူရွယ်များသည် ကိုယ်ကာယကြံ့ခိုင်မှုနှင့် စိတ်ကျန်းမာရေး အခြေအနေ မည်သို့ရှိစေကာမူ ၎င်းတို့၏ နေအိမ်များမှ သို့မဟုတ် စစ်ဆေးရေးဂိတ်များမှ စစ်မှုထမ်းရန် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည်။
ယမန်နှစ် အောက်တိုဘာတွင် ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံထားရသည့် မန္တလေးမြို့က စက်ရုံလုပ်သား ကိုကျော်မျိုးနိုင် (အမည်လွှဲ)သည် ဆေးကုသမှုခံယူရန် ဆေးခန်းတစ်ခုသို့ သွားရောက်စဉ်တွင် စစ်ဆေးရေးဂိတ်တစ်ခု၌ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးမှုခံခဲ့ရသည်။ ဆေးမှတ်တမ်းများ ပြသသော်လည်း ၎င်းကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ စစ်သင်တန်းကျောင်းကို စစ်တပ်က ပို့ဆောင်လိုက်သည်။
တောင်ကြီးတွင် သီတင်းပတ်များစွာ စစ်သင်တန်းတက်ရောက်ရပြီးနောက် ဒီဇင်ဘာတွင် ၎င်း၏ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်များက ပြန်လွှတ်ပေးခဲ့သည်ဟု ကိုကျော်မျိုးနိုင်က ဆိုသည်။ မန္တလေးမြို့သို့ ပြန်ရောက်သည့်အခါ တီဘီရောဂါကုသမှု ဆက်လက်ခံယူခဲ့သည်။ သို့သော် ပြည်ပအကူအညီများမှ တစ်ဆင့်ရနေသည့် ငွေကြေးထောက်ပံ့မှုမရှိဘဲ တီဘီစင်တာသို့ ပုံမှန်သွားရောက်ရန်မှာ ခက်ခဲနိုင်သည်ဟု ၎င်းက ဖရွန်တီးယားသို့ပြောသည်။
“ကျနော်အဖြစ်ချင်ဆုံးကတော့ နေပြန်ကောာင်းပြီး အရင်လို ကျန်းမာရေးကောင်းချင်တာ”ဟု ၎င်းက ပြောသည်။ “ရောဂါလုံးဝပျောက်သွားတဲ့အထိကို ဆက်ပြီး ဆေးကုချင်တယ်”