ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးစု ရှင်းလင်းမှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသည့် မြန်မာ့တပ်မတော်အား အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ ဦးဆောင်ကာ လာမည့်နှစ်တွင် ပြုလုပ်မည့် နိုင်ငံစုံ အဓိက စစ်ရေးလေ့ကျင့်မှုကြီးတွင် ပါဝင်ရန် ဖိတ်ကြားထားသည်။
အမေရိကန်နှင့် ထိုင်းစစ်သည် ထောင်နှင့်ချီ ပါဝင်ပြီး အခြားအာရှနိုင်ငံများပါ တက်ရောက်ကြသည့် နှစ်စဉ်ပြုလုပ်သော ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှုသို့ တက်ရောက်ရန် ထိုင်းက မြန်မာကို ဖိတ်ကြားခဲ့သည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Christopher Loga က ပြောကြားသည်။
လေ့ကျင့်မှုတွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်းနှင့် ဘေးဒုက္ခကယ်ဆယ်ရေး အစိတ်အပိုင်းများအား လေ့လာရန် မြန်မာကို ဖိတ်ကြားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ဖိတ်ကြားမှုကို မြန်မာက လက်ခံခြင်းရှိမရှိ သဲသဲကွဲကွဲ မသိရသေးကြောင်း ထိုင်းတော်ဝင်တပ်မတော် ပူးတွဲ ထောက်လှမ်းရေး ညွှန်ကြားမှုဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာကို ပြောကြားသည်။ သို့သော် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ပါဝင်ရေးအတွက် အထူးစိတ်အားထက်သန်နေသည်ဟု ၎င်းက ဆိုသည်။
ရိုဟင်ဂျာများကို နှိမ်နင်းနေသည်ဟု စိုးရိမ်ပူပန်မှုများ ရှိနေသည့်ကြားက မြန်မာနိုင်ငံအား ဖိတ်ကြားရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ပါသလဲဟု မေးမြန်းသောအခါ ၎င်းက “ဆွေးနွေးမှုတွေထဲမှာ အဲဒါ တခါမှ ပါမလာပါဘူး။ အဲဒီကိစ္စ (ရိုဟင်ဂျာ) ကို ကျွန်တော်တို့ သပ်သပ်စီ ခွဲထားတယ်။ ကျွန်တော်တို့က လေ့ကျင့်ရေး၊ ပညာရေးနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အာရုံစိုက်ထားတယ်။ မြန်မာနိုင်ငံ ပါဝင်လာရေးက ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်ပါတယ်” ဟု ပြောသည်။
“အဲဒါက နိုင်ငံရေးပါ။ ကျွန်တော်တို့က စစ်သားတွေပါ။ အခုဟာက စစ်ရေးလေ့ကျင့်မှုပါ” ဟု အမည်မဖော်လိုသည့် အဆိုပါ ထိုင်းတပ်မတော်အရာရှိက ဆက်လက်ပြောကြားသည်။
မြန်မာတပ်မတော်အား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိပေ။
မြန်မာနိုင်ငံအား ဖိတ်ကြားခြင်းမပြုရန် ထိုင်းနိုင်ငံအား အမေရိကန်စစ်တပ်က ဖိအားပေးရေး ကြိုးပမ်းဖွယ်ရှိမရှိကို ပင်တဂွန်က ဖြေကြားခြင်းမရှိပေ။
၂၀၁၇ ခုနှစ်က ပြုလုပ်သည့် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက ပါဝင်ဆင်နွှဲသူနှင့် လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။ ထိုအထဲတွင် အမေရိကန်စစ်သည် ၃,၆၀၀ လည်းပါဝင်သည်။ ရွှေမြွေဟောက်သည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သည်။
၂၀၁၈ ခုနှစ်အတွက် လေ့ကျင့်မှုကို လာမည့် ဖေဖော်ဝါရီတွင် ပြုလုပ်ဖွယ်ရှိသည်။
သတင်း-ရိုက်တာ