နေပြည်တော်တွင် ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက တပ်မတော်ထောက်ခံပွဲတစ်ခုကို ကျင်းပခဲ့ရာ ထိုသို့ကျင်းပရန် အထက်က စေခိုင်းခဲ့ခြင်းသည်ဟု ပါဝင်သူ အငြိမ်းစားဗိုလ်ကြီးတစ်ဦးက ပြောကြားသည်။
ပျဉ်းမနားမြို့တွင် ပြုလုပ်ခဲ့သည့်အဆိုပါ ထောက်ခံပွဲအား လူအင်အား ၅၀၀ ခန့်တက်ရောက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားပြီး နေပြည်တော်စစ်မှုထမ်းဟောင်းအဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်သည်။
ထိုထောက်ခံပွဲကို ကျင်းပရန် အထက်မှ အမိန့်ပေးခဲ့သည်ဟု ထောက်ခံပွဲ၌ ပါဝင်သူ အငြိမ်းစားဗိုလ်ကြီးရန်မျိုးဝင်းက မီဒီယာများကို ပြောကြားသည်။
“တပြည်လုံးက လုပ်နေတာဆိုတာဆိုတော့ ကျန်တာက အခု နေပြည်တော်ကျန်နေတယ်။ နေပြည်တော်က လုပ်ရမယ်ဆိုတဲ့အမိန့်နဲ့ ကျွန်တော်တို့ လုပ်တာပါ” ဟု ၎င်းကဆိုသည်။ “လုပ်ရမယ်ဆိုတာ စစ်မှုထမ်းဟောင်းဗဟိုက ညွှန်ကြားတာပါ” ဟုလည်း ၎င်းကပြောသည်။
သို့သော် ထိုသို့ပြောကြားနေစဉ် နံဘေးမှတစ်ဦးက “ခင်ဗျား ဒါမျိုး ပြောလို့မရဘူးလေ” ဟု ဝင်ရောက်ပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်။
ထိုထောက်ခံပွဲတွင် ပါဝင်သူများက “ပြည်သူကို ချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ”၊ “တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်”၊ “ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစားအား လုံးဝလက်မခံ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံကိုလည်း ကိုင်ဆောင်လာကြသည်။
တပ်မတော်ထောက်ခံပွဲများကိုအမျိုးသားရေးလှုပ်ရှားသူ ထင်ရှားသည့် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူက ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ဦးစီးကျင်းပခဲ့သလို အခြားမြို့ကြီးများတွင်လည်း ကျင်းပခဲ့ကြသည်။
တပ်မတော်၏ ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ကျင်းပမှုမှာ တပ်မတော်နှင့် ပြည်သူ တစ်သားတည်းရှိသည်ဟူသည့် ပြယုဂ်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြီးခဲ့သည့် နိုဝင်ဘာလက ချီးကျူးပြောကြားခဲ့ဖူးသည်။
“အမြို့မြို့အနယ်နယ်တွင်ရှိသည့် အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးမှုကိုဆန့်ကျင်ပြီး တပ်မတော်၏ ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ပြုလုပ်နေသည်ကိုတွေ့ရကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုကဲ့သို့ “အစဉ်အလာကောင်းများကို” ဆက်လက် ထိန်းသိမ်းသွားကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သေးသည်။