ဉာဏ်လှိုင်လင်း
မိမိတို့မဲဆန္ဒနယ်ရဲ့ အမတ်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းချင်တဲ့အခါ ပြည်သူတွေ အသုံးပြုနိုင်မယ့် ဥပဒေပေါ်ပေါက်ဖို့ကိစ္စဟာ ညှိနှိုင်းပြုစုနေဆဲသာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ပြောလိုက်ပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပိုမိုကောင်းမွန်ပြည့်စုံစေရေးအတွက် ဆက်လက်ပြင်ဆင် ညှိနှိုင်းပြုစု ဆောင်ရွက်နေပါတယ်”လို့ သူက ဆိုပါတယ်။
နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဝင် ကရင်ပြည်နယ်၊ အမှတ် ၅ မဲဆန္ဒနယ်အမတ် ဦးစိုင်းသန်းနိုင်က အဲဒီဥပဒေပြဋ္ဌာန်းရန် အစီအစဉ်ရှိမရှိမေးမြန်းစဉ် ဦးအောင်မြင့်က ပြန်လည်ဖြေကြားလိုက်တာပါ။
မေးခွန်းရှင်က “ပြည်သူများအနေနဲ့ မိမိတို့ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူ့အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနိုင်စွမ်းမရှိခြင်း၊ အရည်အချင်းမပြည့်ဝခြင်း၊၊ အကျင့်စာရိတ္တပျက်ယွင်းခြင်း၊ ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းတွေရှိလာတဲ့အခါမှာ ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းလိုတဲ့ ဆန္ဒတွေဖြစ်ပေါ်လာကြ ပါတယ်” လို့ အစချီမေးမြန်းခဲ့တာပါ။
ဒီအခွင့်အရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၉၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခန်းမှာ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက အဆိုပြုရင်ရတယ်လို့ဆိုထားပြီးဖြစ်ကြောင်း ဦးစိုင်းသန်းနိုင်က မေးခွန်းမေးမြန်းစဉ် ထည့်ပြောခဲ့တယ်။ “သို့သော် ဒီကနေ့အထိ ဒီအခွင့်အရေးကို ပြည်သူတွေမခံစားရသေးပါဘူး”လို့လည်း သူက ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖက်ကတော့ ရွေးကောက်ပွဲတွေမှာ မဲရာနှုန်းပြည့်နဲ့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်ဆိုတာမရှိတဲ့အတွက် လက်ရှိအခြေခံဥပဒေမှာပါတဲ့အတိုင်း တစ်ရာခိုင်နှုန်းသော ဆန္ဒပြုမှုလောက်နဲ့ ပြန်လည်ဖြုတ်ချဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ သဘောထားရှိပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ဖို့အတွက် ရာခိုင်နှုန်းအပြည့်နဲ့ နိုင်တဲ့လူ ရှိဖူးလား။ ဟုတ်တယ်နော်။ တစ်ဝက်ကျော်ဆိုရင် သေချာတာကတော့ သူ့ကို ၄၉ ရာခိုင်နှုန်း မထောက်ခံဘူးပေါ့။ တစ်ရာခိုင်နှုန်းနဲ့သာ တင်လို့ရနေရင် အမြဲတမ်းတင်နေရင် ဘယ်လိုလုပ်ကြမတုန်း”လို့ အစည်းအဝေးအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဦးအောင်မြင့်ကပြောပါတယ်။
ဒီမေးခွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ပါတီ (NLD)ဦးဆောင်တဲ့ လွှတ်တော်သက်တမ်း နှစ်နှစ် ကျော်အတွင်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြုလုပ်တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးတုန်းကလည်း USDP ပါတီဝင်ပဲဖြစ်တဲ့ ပျော်ဘွယ်အမတ် ဦးသောင်းအေးက တစ်ကြိမ် မေးမြန်းခဲ့ဖူးပါတယ်။
အဲဒီတုန်းကလည်း ဦးအောင်မြင့်ပဲ လာဖြေခဲ့ပြီး ပထမအကြိမ်လွှတ်တော် (USDP ဦးဆောင်သော ၂၀၁၁-၁၅) တုန်းက ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ အမတ်များရဲ့ ဆွေးနွေးချက်တွေကို လေ့လာကာ အခြေခံဥပဒေ မူဘောင်နဲ့အညီ ဥပဒေကြမ်းကို ရေးဆွဲသွားမယ်လို့ ပြောခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို USDP ဦးဆောင်တဲ့ လွှတ်တော်သက်တမ်းကာလ ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဖက်က တင်သွင်းခဲ့ဖူးတာပါ။
ဆွေးနွေးမှုတွေ ကြန့်ကြာနေတဲ့အတွက် သုံးနှစ်ခန့်အကြာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လအရောက်မှာတော့ အဲဒီတုန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးတင်အေးက ဥပဒေကြမ်းကိစ္စ ဆက်လက်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုလွှတ်တော်နာယကထံ စာရေးသားပေးခဲ့ဖူးပါတယ်။
အဲဒီနောက် ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး USDP နဲ့ တပ်မတော်သားတွေက ထောက်ခံခဲ့ကာ NLD ကတော့ တစ်ရာခိုင်နှုန်းနဲ့ ကိုယ်စားလှယ်ရုတ်သိမ်းခွင့် တင်တာကို သဘောမတူခဲ့ပဲ ၂၀ ရာခိုင်နှုန်းဖြစ်သင့်တယ်လို့ ဆွေးနွေးခဲ့ဖူးတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါ အတည်ပြုသင့်တယ်ဆိုတဲ့ဖက်ထက် ဆိုင်းငံ့သင့်တယ်ဆိုတဲ့ဖက်က မဲအရေအတွက် အနည်းငယ်နဲ့ အသာရသွားခဲ့လို့ အတည်ပြုပြဌာန်းနိုင်ခြင်း မရှိခဲ့ပါဘူး။
အခု NLD ဦးဆောင်တဲ့ လွှတ်တော်သက်တမ်းအရောက်မှာတော့ ဒီဥပဒေကြမ်းကို ပြန်လည်အသက်သွင်းဖို့ USDP ဖက်က နှစ်ကြိမ်တိုင် ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ဒါကို NLD အစိုးရလက်ထက်မှာ အသစ်ပြန်လည် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေကြမ်းရေးဆွဲမှုတွေလုပ်နေပါတယ်လို့ နှစ်ကြိမ်စလုံးမှာ တုံ့ပြန်ထားပါတယ်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့ဆီ အမတ်တာဝန်က ပြန်လည်ရုတ်သိမ်းလိုကြောင်း တိုင်တန်းချက်တစ်ခုမှမရှိသေးဘူးလို့ ဆိုပေမယ့် USDP လွှတ်တော်သက်တမ်းတုန်းကတော့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကိုယ်တိုင် အတိုင်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဥပဒေမရှိတဲ့ အတွက် အရေးယူဆောင်ရွက်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၉၆ မှာတော့ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာနဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ရင်၊ အကျင့်သိက္ခာပျက်ပြားရင်၊ အရည်အချင်းပျက်ယွင်းရင်၊ တာဝန်ကျေပွန်စွာမထမ်းဆောင်နိုင်ဘူးလို့ သက်ဆိုင်ရာမဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တိုင်တန်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးခွင့်၊ လိုအပ်သလို ဆောင်ရွက်ခွင့်ကိုလည်း အခြေခံဥပဒေက ပေးအပ်ထားပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်လို့ ဆိုထားပါတယ်။