အမည်မသိရောဂါကြောင့် နာဂဒေသတွင် ကလေးငယ် ၃၀ ကျော် သေဆုံး

မကုသနိုင်သေးသည့် ရောဂါတစ်ခုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝေးလံခေါင်သီသည့်ဒေသတွင် ကလေးငယ် ၃၀ ကျော် သေဆုံးခဲ့ရသည်ဟု တာဝန်ရှိသူများက အေအက်ဖ်ပီ သတင်းဌာနကို သြဂုတ် ၄ ရက်နေ့တွင် ပြောကြားခဲ့ပြီး ကျန်းမာရေးဌာန တာဝန်ရှိသူများအနေဖြင့် ဝေဒနာရှင်များအား ကုသနိုင်ရန် ကြိုးစား ရုန်းကန်နေရဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး တောင်ပိုင်း၊ အိန္ဒိယ နယ်စပ်ဒေသနှင့် နီးကပ်ပြီး နာဂလူမျိုးများနေထိုင်ကြသည့် ဝေးလံပြီး တောင်ထူထပ်သောဒေသတွင် ဝက်သက်နှင့် ဆင်တူသည့် ရောဂါလက္ခဏာများ ခံစားရသည့် အဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ကလေးငယ်များနှင့် အရွယ်ရောက်သူများပါ အဆိုပါ ရောဂါဖြစ်ပွားသော်လည်း အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် အသက်အန္တရာယ် ဖြစ်နိုင်သည်ဟု ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ဒီအမည်မသိ ရောဂါကြောင့် လဟယ်မြို့နယ်မှာ ကလေး ၂၃ ဦးသေဆုံးခဲ့ပြီး နန်းယုံမြို့နယ်မှာ ၁၃ ဦး သေဆုံးခဲ့ပါတယ်” ဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ကိုယ်စားလှယ် ဦးလောယုံကပြောကြားသည်။

“သူတို့ကိုယ်ပေါ်မှာ အဖုအပိန့်တွေ ထွက်လာတယ်။ အဖျားတက်ပြီးတော့ ချောင်းဆိုးတဲ့အတွက် အသက်ရှုရခက်လာတယ်။ ချောင်းဆိုးတဲ့အခါ သွေးတွေပါ ပါလာတယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်အထိ အဆိုပါရောဂါဖြင့် လူ ၂၀၀ ခန့် ရောက်ရှိလာကြသော်လည်း ပြည်ထောင်စုအစိုးရ၏ တုန့်ပြန်မှုများမှာ နှေးကွေးနေသည်ဟု ၎င်းကပြောကြားသည်။

နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကလေးငယ် ၃၀ ကျော် သေဆုံးခဲ့မှုအပါအဝင် ရောဂါဖြစ်ပွားနေမှုကို အတည်ပြုခဲ့ပြီး စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု ပြောကြားသည်။

“ဝက်သက် ဒါမှမဟုတ် ပြင်းထန်တဲ့ တုတ်ကွေးရောဂါဖြစ်ပွားမှုလို့ ကနဦးအဆင့်အရ ကျွန်တော်တို့ ယူဆထားပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်းက အဖြေကို သိရတော့မှသာ ဘာဖြစ်တာလဲဆိုတာ ကျွန်တော်တို့ သေချာပြောနိုင်မှာပါ” ဟု အမည်မဖော်လိုသည့် ၎င်းအရာရှိက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar