“အပြောင်းအလဲများ မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကြိုးပမ်းသွားမည်” – သမ္မတ ဦးဝင်းမြင့်

ပြည်သူများ တွေ့မြင်လိုသည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ပြည်သူများနှင့်အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားရန် အလေးအနက် ကတိပြုသည်ဟု သမ္မတသစ် ဦးဝင်းမြင့်က ၎င်း၏ ပထမဆုံးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

သမ္မတသစ်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ နံနက်ပိုင်းက ကတိသစ္စာပြုပြီးနောက် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ၎င်းက ထိုသို့ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေကို တော်တည့်မှန်ကန် လေးနက်တည်ကြည်စွာနဲ့ ထမ်းရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံမှာ အဘက်ဘက်မှ လိုအပ်ချက်များနှင့် ဆင်းရဲနွမ်းပါးဆဲဖြစ်သောကြောင့် ကဏ္ဍအသီးသီးတွင် အများကြီးဆက်လက် ရုန်းကန်ကြိုးပမ်းကြရဦးမည်ဟုလည်း ၎င်းက ပြောကြားသည်။

“နိုင်ငံတကာမျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားနေတာတွေလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ပြည်သူတွေ ဒီကနေ့တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့်တကူဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော့်အနေနဲ့ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင်များဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ကို ၎င်းအနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ဦးဝင်းမြင့်က ပြောကြားသည်။

“ဒီနေ့ဒီအချိန်ခါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ခေတ်ပြောင်း၊ စနစ်ပြောင်းကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလရဲ့ အစပဲရှိပါသေးတယ်။ ဒီပြောင်းလဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့ စေရန် ပြည်သူပြည်သားများနဲ့ နိုင်ငံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေကားချပ် အလေ့အထတွေအားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်ပါတယ်” ဟု ဦးဝင်းမြင့်က တိုက်တွန်းခဲ့သည်။

“ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမို တိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရပါလိမ့်မယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲရေး၊ ဥပဒေမဲ့ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေး ရရှိရေးကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများ၏ ဘဝသာယာစိုပြေရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ မျှော်လင့်တောင့်တနေတဲ့ လိုအင်ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ မဏ္ဍိုင်ကြီးတွေအလိုက် ကျွန်တော်တို့အားလုံး ဆထက်တပိုး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

“ဒါအပြင် ပြည်သူတွေရဲ့နားတွေ ၊မျက်စိတွေဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့ ကျွန်တော်တို့ အလုပ်အကျွေးပြုရမယ့် နိုင်ငံသူ ၊ နိုင်ငံသားတွေရဲ့ ပြည်သူ့ မဏ္ဍိုင်ကိုအလေးအမြတ်ပြုကြဖို့ တဆက်တည်းမှာပဲ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏အလယ်တွင် နိုင်ငံ၏ပုံရိပ် ပြန်လည်တောက်ပ မြင့်မားလာရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ ပို၍ ပို၍ မြင့်တက်လာရန် ဆက်လက်ကြိုးပမ်းကြရဦးမည်ဟုလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေ၊ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကျပ်အတည်းတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်စာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြေပြတ်မခံဘဲ အဂတိတရားကင်းရှင်းစွာနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသွားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar