အတွေးအမြင် – လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အေအေလွှတ်ပေးရမည်

ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ရက္ခိုင်တပ်မတော် အေအေက လွန်ခဲ့သော နှစ်လခန့်ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူ့သတင်းဘာကိုမှ မကြားရတော့ပေ။ ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် အေအေတွင် မည်သည့်အကျိုးအမြတ်မှ ရမည်မဟုတ်ချေ။

ဆလိုင်းဇာအုပ်လင်း ရေးသားသည်။

အမျိုးသားလွှတ်တော်တွင် တောင်ပိုင်းချင်းပြည်နယ် အမှတ် ၂ မဲဆန္ဒနယ်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အေအေတို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်လပြည့်ခဲ့ပါပြီ။

နေပြည်တော်သို့အသွား ကပ်လျက်ရှိသော ရခိုင်ပြည်နယ်ထဲတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်မှစ၍ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိတော့ပေရာ ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် မိသားစုနှင့် မိတ်ဆွေများက အေအေတို့လက်ထဲတွင် ရောက်နေသော ဦးဝှေ့တင်း၏ ကျန်းမာရေးနှင့် သူ့နေရေးထိုင်ရေးအတွက် စိုးရိမ်သောကဖြစ်လျက်ရှိသည်။

ဦးဝှေ့တင်းကို လွှတ်ပေးမှာလား၊ ဘယ်တော့လွှတ်ပေးမှာလဲဆိုသည်နှင့်ပတ်သက်၍ အေအေက ပြောဆိုရန် ငြင်းဆန်နေဆဲဖြစ်သည်။ အေအေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကတော့ ဦးဝှေ့တင်းသည် သူတို့ လှုပ်ရှားမှုများကို မြန်မာစစ်တပ်အား သတင်းပေးခဲ့သည့်အတွက် အေအေတပ်ဖွဲ့အတွက် အန္တရာယ်ဖြစ်သည်ဟု ဆိုသည်။

ဦးဝှေ့တင်းတစ်ယောက် ကျန်းမာဆဲ၊ အသက်ရှင်ဆဲ ရှိနေကြောင်း အထောက်အထားအဖြစ် အသံသော်လည်းကောင်း၊ သူ့ရုပ်ပုံသော်လည်းကောင်း ဘာတစ်ခုမှ အေအေက လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုခဲ့၊ သည်လိုအထောက်အထားမျိုးကို ဦးဝှေ့တင်း၏ မိသားစုအပါအဝင် လူ့အခွင့်အရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြခြင်းဖြစ်သည်။

ဦးဝှေ့တင်းအား ဖမ်းဆီးခေါ်ဆောင်မှုကို နိုင်ငံတကာကလည်း ပြစ်တင်ဝေဖန်လျက်ရှိသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်များအဖွဲ့က လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ချက်ချင်းလွှတ်ပေးရန် အေအေထံတောင်းဆိုသော ပူးတွဲကြေညာချက်ကို နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။ ဦးဝှေ့တင်း၏ ဆိုးရွားလှသောအခြေအနေကို ဩစတြေးလျလွှတ်တော်ကလည်း မနေသာတော့ဘဲ ဝါရင့်အထက်လွှတ်တော်အမတ် ဒင်းစမစ် Dean Smith က ဩစတြေးလျအစိုးရအား မြန်မာနိုင်ငံ အထက်လွှတ်တော်မှ ချင်းပြည်နယ်ကိုယ်စားပြုအမတ်၏ ဘေးကင်းလုံခြုံရေးအတွက် တိုက်ပွဲဝင် ပြောဆိုတိုက်တွန်းပေးရန် နိုဝင်ဘာ ၂၇ ရက်က တောင်းဆိုခဲ့သည်။

ဦးဝှေ့တင်းကို ဖမ်းဆီးပြီး နှစ်လကြာသည်အထိ သူ့အားလွှတ်ပေးရန် အေအေက ဆက်လက်ငြင်းဆန်နေသဖြင့် သူ့အတွက်ပို၍ စိုးရိမ်နေကြရသည်။ အကြောင်းမှာ အေအေအဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဘယ်ရောက်ဘယ်ပျောက်နေမှန်း  မသိတော့သော ချင်းလူမျိုးအရပ်သား ၁၃ ဦးထက်မနည်းရှိခဲ့သည်။

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို ဒီဇင်ဘာ ၁၁ ရက်က အေအေတို့ ဖမ်းဆီးသွားသည်။ အေအေတို့လက်ထဲမှာပင် သူ့ကို ခရစ္စမတ်နေ့က သတ်လိုက်ကြပြီဟု သတင်းရရှိခဲ့သည်။ အေအေအဖွဲ့ကတော့ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားသောနေရာကို မြန်မာစစ်တပ်က အမြောက်ကြီးများဖြင့် ပစ်ခတ်စဉ် ဦးရဲသိန်းသေဆုံးသွားသည်ဟု ဆိုပါသည်။ မြန်မာစစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်ကမူ ဒီလိုတိုက်ခိုက်မှုမျိုး ပြုလုပ်ခဲ့ခြင်းမရှိပါဟု ငြင်းဆိုသည်။

ဘယ်သူ့ကြောင့် ဘယ်လိုသေရသည်ဖြစ်စေ အေအေလက်ထဲမှာ ဦးရဲသိန်း သေဆုံးခဲ့ရခြင်းကတော့ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ဦးရဲသိန်းမိသားစု၊ သူ့အား ချစ်ခင်သူများနှင့် ပြည်သူလူထုကို အဖြေတစ်ခုပေးရန် တာဝန်ရှိသူကတော့ အေအေတစ်ဦးတည်းသာဖြစ်သည်။

နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသူများ၏ အသက်ဘေးလုံခြုံရေးအတွက် ဖမ်းဆီးသွားသူမှာသာ လုံးဝတာဝန်ရှိသည်ဟူသော နိုင်ငံတကာဥပဒေကို အေအေသိထားဖို့တော့ လိုပါသည်။ တော်လှန်ရေးအတွက် လုပ်ရပါသည်ဟု အကြောင်းပြကာ အပြစ်မဲ့လူထုက တန်ဖိုးပေးဆပ်နေရခြင်းအတွက် လုံလောက်သော အဖြေမဟုတ်ပေ။

“နောက်ဆုံးပိတ်ရလဒ်ကသာ လုပ်နည်းလုပ်ဟန်ကို တရားဝင်ဖြစ်စေသည်” ဟူသော လူသိများသည့် ဆိုရိုးစကားသည် ဤနေရာတွင် မမှန်ပါ။ စစ်ပွဲမှာ ဘာလုပ်လုပ်တရားသည်၊ မျှတမှန်ကန်သည်မဟုတ်ပါ။ လူထုက စိတ်မရှည်နိုင်ကြတော့ပါ။ ဒေါသထွက်နေကြပါပြီ။ ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် အေအေတွင် ဘာအကျိုးအမြတ်မှ ရမည်မဟုတ်ပါ။

အေအေသည် မြင့်မြတ်သော နိုင်ငံရေး ရည်မှန်းချက်တစ်ခုအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်ဟူသော နာမည်ကောင်းမှာ အပွန်းအပဲ့များလွန်းသဖြင့် အနည်းငယ်သာ ကျန်တော့သည်ဖြစ်ရာ အေအေက ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားပါက ယင်းလက်ကျန်နည်းနည်းကလေးသည်ပင် ကုန်ခန်းသွားဖွယ်ရာ ရှိပါသည်။ မိမိလက်ရှိ ဩဇာလွှမ်းထားနိုင်သည့် နေရာကွက်ကွက်လေး၏ အပြင်ဘက်မှလူအများ၏ စာနာမှုနှင့် ထောက်ခံမှုရဖို့ အသာထား၊ အေအေသည် လူတကာ ရွံ့မုန်းကြောက်ရွံ့နေသော အဖွဲ့အစည်းတစ်ခုအဖြစ် မိမိကိုယ်တိုင် ပြောင်းလဲပစ်နေပါပြီ။

အပြစ်မဲ့အရပ်သားများနှင့် အရပ်ဖက်ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူ့အခွင့်အရေး ကာကွယ်ရေးအဖွဲ့များကို ခြိမ်းခြောက်မှုများအပါအဝင် အစဉ်အလာမဟုတ်သော စစ်ပွဲနည်းများကို အသုံးပြုသဖြင့် နိုင်ငံတကာအသိုက်အဝန်းတွင် အေအေမှာ တိုး၍ တိုး၍ နာမည်ပျက်နေပြီဖြစ်သည်။ ဤသို့သော နည်းဗျုဟာမှာ တော်လှန်ရေးမဟုတ်၊ သရဲဘောကြောင်သော အကြမ်းဖက်သမားလုပ်ရပ်နှင့်သာ တူနေတော့သည်။ နှစ်လဆိုသောအချိန်မှာ နည်းသည့်အချိန်မဟုတ်ပါ။ အေအေက ဦးဝှေ့တင်းကို ချက်ချင်းလွှတ်ပေးသင့်ပြီဖြစ်ပါသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.