နေပြည်တော်၊ မတ် ၂၂
အစိုးရသစ်တွင် ပါဝင်မည့် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်သင့်သူ ၁၈ ဦး၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ ယနေ့တင်သွင်းခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာသည်ကို တွေ့ရသည်။
ပြင်ပတွင် ထွက်ပေါ်နေသည့် မှန်းဆချက်များအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါက အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ သို့သော် အခြေခံဥပဒေပြဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါက ပါတီလုပ်ငန်းများ လုပ်ဆောင်ခွင့်ရှိတော့မည် မဟုတ်ပေ။
သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် အဆိုပါ စာရင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရဦးအောင်ကိုလည်း ပါဝင်လာသည်ကို တွေ့ရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုနိုင်သည့် ပြည်ထောင်စုဝန်ကြီးသုံးဦးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ ပါဝင်လာသည်။
ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုအတွက် ပြည်ထောင်စုဝန်ကြီး ၁၈ ဦးခန့်အပ်မည်ဖြစ်ရာ အချို့ဝန်ကြီးများအနေဖြင့် ဝန်ကြီးဌာနတစ်ခုထက်ပိုကာ တာဝန်ယူရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဝန်ကြီးဌာန သုံးခုမှ လေးခုအထိ တာဝန်ယူမည်ဟုလည်း ပြင်ပတွင် သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါ ခန့်အပ်သင့်သော ပြည်ထောင်စုဝန်ကြီးများအား မတ်၂၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ် အတည်ပြုမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်သင့်သူများစာရင်း
- ဒေါ်အောင်ဆန်းစုကြည်
- ဒေါက်တာအောင်သူ
- ဦးသန့်စင်မောင်
- သူရဦးအောင်ကို
- ဦးအုန်းဝင်း
- ဦးသိန်းဆွေ
- ဦးကျော်ဝင်း
- ဦးခင်မောင်ချို
- ဒေါက်တာမြင့်ထွေး
- ဦးဝင်းခိုင်
- ဒေါက်တာဝင်းမြတ်အေး
- ဦးအုန်းမောင်
- ဒေါက်တာသန်းမြင့်
- နိုင်သက်လွင်
- ဒေါက်တာဖေမြင့်
- ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
- ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
- ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်
သတင်း – စိုးသန်းလင်းနှင့် ရှောင်ဂလေစင်