အမျိုးသားလွှတ်တော်၌ အဆိုတစ်ခုကို ကိုယ်စားလှယ် ၁၈ ဦး သုံးရက်ကြာ ဆွေးနွေးခဲ့သော်လည်း နောက်ဆုံး ဆွေးနွေးသည့် ကိုယ်စားလှယ်က ကျယ်ပြန့်လွန်းပြီး တိကျသော ဦးတည်ချက် မပါဝင်ဟု ဝေဖန်လိုက်ပြီးနောက် ထိုအဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် လွှတ်တော်က လက်ခံလိုက်သည်။
ရေကြီးရေလျှံမှုများ၊ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများနှင့် သက်ဆိုင်သည့် အဆိုတစ်ခုကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် နောက်ဆုံးရက်အဖြစ် သြဂုတ် ၉ ရက် နံနက်ပိုင်းက ဆွေးနွေး ဆုံးဖြတ်စဉ် ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“အဆိုဟာ အကြောင်းအရာ ကောင်းပေမယ့် အပိုင်းသုံးပိုင်း ပါဝင်နေတာကြောင့် ခွဲခြမ်း စိတ်ဖြာကြည့်လိုက်ရင် လေးနက်မှုဟာ အားပျော့သွားစေတယ်လို့ ထင်ပါတယ်” ဟု နောက်ဆုံးဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောသည်။ အဆိုတွင် နိုင်ငံအနှံ့ ရေကြီးရေလျှံမှု၊ နွေရာသီရေပြတ်လပ်မှု၊ ခမ်းခြောက်သွားသော မြစ်ချောင်းများဟူ၍ ကွဲပြားစွာ ပါဝင်နေသည်ဟု ၎င်းက လွှတ်တော်သို့ ထောက်ပြသည်။
ထို့အတူ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး အတည်ဖြစ်ခဲ့၍ အစိုးရက ဆက်လက်ဆောင်ရွက်ရမည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရေးကြီးအဆိုနှင့် အနှစ်သာရ တူညီနေသည်ဟုလည်း ဦးသန်းစိုးက ဝေဖန်လိုက်သည်။
“လုပ်ငန်းသဘောအရ ထပ်နေတယ်လို့ ယူဆနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ရှေ့ပိုင်း ဆွေးနွေးမှုများတွင်မူ ဆွေးနွေးသူအများစုက အဆိုကို သဘောတူကြပြီး အကျယ်တစ်ဝင့် ရှင်းလင်း ပြောကြားခဲ့ကြသည်။
ဦးသန်းစိုးကမူ အမျိုးသားလွှတ်တော် နည်းဥပဒေပုဒ်မ ၁၅၉ အရ ရှင်းလင်းပြတ်သားပြီး တိကျစွာ ဖော်ပြသော အကြောင်းတစ်ခု ပါရှိရမည်ဟူသော သတ်မှတ်ချက်နှင့် ယခုအဆိုမှာ မကိုက်ညီဟု ယူဆကြောင်းပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးအတွက် တစ်လလျှင် ကျပ် ၂,၂၈၄ သိန်း၊ တရက်လျှင် ကျပ် ၇၅ သိန်း ကုန်ကျလျှက်ရှိသော ငွေကြေးနှင့် တန်ဖိုးရှိသည့် အချိန်များကို ယခုထက် ပိုမိုတန်ဖိုးရှိစေရန် အမတ်များက ကြိုးပမ်း ဆောင်ရွက်သင့်သည်ဟုလည်း ၎င်းက တိုက်တွန်းလိုက်သေးသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကလည်း အဆိုတွင်ပါရှိသော ကိစ္စများကို ကာလတို၊ ကာလရှည်စီမံချက်များဖြင့် အစိုးရက ကြိုးပမ်းအကောင်အထည်ဖော် နေသည်ဖြစ်၍ အဆိုကို မှတ်တမ်းသာ တင်သင့်သည်ဟု အမျိုးသားလွှတ်တော်သို့ ပြောကြားခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုရှင်၏ သဘောထားကို ပြန်လည်မေးမြန်းရာ အဆိုရှင် ဦးကျော်ထွေးက လက်ခံလိုက်ပြီး အမျိုးသားလွှတ်တော်ကလည်း သဘောတူလိုက်သည်။
လွှတ်တော်များကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာများ ပုံမှန်ထုတ်ပြန်လေ့ရှိသည့် ပွင့်လင်း မြန်မာ့ ရှေ့ဆောင်အဖွဲ့ကမူ ငါးနှစ်တာ လွှတ်တော်သက်တမ်းတစ်ခု၏ ကနဦးကာလများတွင် ထိုကဲ့သို့ ကမောက်ကမများ ဖြစ်လေ့ဖြစ်ထရှိသည်ဟု သုံးသပ်သည်။
“အချင်းချင်းဝေဖန်နေတာထက်စာရင် လွှတ်တော်နဲ့သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ နည်းဥပဒေတွေကို ပြန်သုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ ကြိုးစားတာက ပိုကောင်းပါလိမ့်မယ်”ဟု သုတေသနဌာန၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်အေးက မှတ်ချက်ပြုသည်။
သတင်း-ဉာဏ်လှိုင်လင်း