အစုလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၈ လောင်းတွေ့ရှိဟု အစိုးရက ထုတ်ပြန်

အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

ရဲဘော်ကျကျေးရွာအနောက်မြောက်ဘက် မြေကျင်းအတွင်း တွေ့ရှိရသည့် အလောင်းများမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကာ မူဆလင်ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယနေ့ တူးဖော်ရရှိသည့် ရုပ်အလောင်းများမှာ ဟိန္ဒူဘာသာဝင် အမျိုးသား ၈ လောင်း၊ အမျိုးသမီး အလောင်း ၂၀၊ စုစုပေါင်း ၂၈ လောင်း ဖြစ်ကြောင်း သိရှိရသည်” ဟု စက်တင်ဘာ ၂၄ ရက်နေ့ညက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွာ၏အနောက်ဘက် မီတာ ၁,၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင် သွားခဲ့ကြောင်း” ဆက်လက် ဖော်ပြထားသည်။

ရုပ်အလောင်း ၂၈ လောင်း ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အေအက်ဖ်ပီသတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရဲအရာရှိတစ်ဦး၏ အဆိုအရ ကျင်းတစ်ခုစီတွင် ရုပ်အလောင်း ၁၀ လောင်းမှ ၁၅ လောင်းအထိ မြှုပ်နှံထားသည်ဟု သိရသည်။

တူးဖော်ရရှိသည့် ရုပ်အလောင်းများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ ရှာဖွေမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ARSA ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၃ ဦး ပျောက်ဆုံးနေသည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရသည်။ စက်တင်ဘာ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံလမ်းညွှန်စဉ် အဆိုပါပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၅ ရက်နေ့တွင် ARSA အဖွဲ့က ရဲတပ်ဖွဲ့စခန်းများအား တပြိုင်နက် အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် အဆိုပါဒေသတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို စတင်ဆောင်ရွက်ခဲ့သည်။

စစ်ဆင်ရေးများ စတင်ချိန်က စတင်ပြီး ရိုဟင်ဂျာ ၄၃၀,၀၀၀ ခန့်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးလာခဲ့ကြသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

ထို့အပြင် ဒေသတွင်း မငြိမ်သက်မှုများကြောင့် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင် ၃၀,၀၀၀ ခန့်မှာလည်း အိုးအိမ်များကို စွန့်ခွာက ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar