အစိုးရ၏ ရခိုင်အရေး ဆောင်ရွက်မှုများကို ပြည်သူ့လွှတ်တော် ထောက်ခံ

ဉာဏ်လှိုင်လင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ရေး၊ ဒေသခံဌာနေတိုင်းရင်းသားတို့ရဲ့ အသက်အိုးအိမ် ထာဝရလုံခြုံမှုရှိသော လူမှုဘဝထူထောာင်ရေးနဲ့ ပတ်သက်ပြီး အစိုးရကို တိုက်တွန်းတဲ့အဆိုတစ်ခုကို အတည်မပြုဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝင်အများစုပါဝင်တဲ့ ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးကြီးက ဒီအဆိုကို မှတ်တမ်းအဖြစ်သာ ထားဖို့ မဲပေးလိုက်ကြတာပါ။

ဒီအဆိုကို ရခိုင်အမျိုးသားပါတီ (ANP)က ဘူးသီးတောင်မဲဆန္ဒနယ်အမတ် ဦးအောင်သောင်းရွှေက လွန်ခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်က တင်သွင်းခဲ့တာဖြစ်ပြီး NLD က ရှစ်ဦး၊ ANP က လေးဦး၊ တပ်မတော်သား နှစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နဲ့ တစ်သီးပုဂ္ဂလ တစ်ဦးစီ စုစုပေါင်း ၁၇ ဦး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

UEHRD ကို ဝေဖန်

ANP အမတ်တွေကတော့ အစိုးရရဲ့ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကို ဝေဖန်ကြပါတယ်။

“နယ်စပ်တလျှောက် နေထိုင်ကြတဲ့ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမကြီး တိုင်းရင်းသားများမှာလည်း အခြေခံစားသောက်ကုန်ရှားပါးမှု၊ ကျန်းမာရေးဆေးဝါး ရှားပါးမှုတွေစတဲ့ အခက်အခဲမျိုးစုံနဲ့ ပိတ်မိနေကြသူတွေကို တာဝန်ရှိသူများက လစ်လျူရှုခံနေရတဲ့ ဘဝရောက်နေကြတာကိုလည်း ပကတိအခြေအနေတစ်ရပ်ဖြစ်နေပါတယ်” လို့ မောင်တောမဲဆန္ဒနယ်အမတ် ဦးလှထွန်းကျော်က ဆိုပါတယ်။

UEHRD က အသုံးပြုနေတဲ့ ကျပ်ဘီလျံပေါင်းများစွာဟာ ဒေသခံတိုင်းရင်းသားများရဲ့ အကြပ်အတည်းများကို အကောင်အထည်ဖော်ပေးနိုင်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေအတွက်သာ ကူညီဆောင်ရွက်ပေးနေတာ တွေ့ရတယ်လို့လည်း သူက ဝေဖန်ခဲ့တယ်။

အခြားသော ANP ပါတီဝင်တွေကလည်း UEHRD စီမံကိန်းကို စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ပြောဆိုကြသလို တစ်ဖက်နိုင်ငံက ပြန်ဝင်လာမယ့်သူတွေကို စိစစ်လက်ခံရေးဆိုင်ရာကိစ္စတွေ၊ နေရာချထားမှုမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ လုံခြုံရေးနဲ့ နယ်မြေလုံခြုံရေးကို ထည့်သွင်းစဉ်းစားသင့်တာ၊ နယ်စပ်လုံခြုံရေး စတာတွေကို ထည့်သွင်းဆွေးနွေးကြပါတယ်။

“UEHRD အစီအစဉ်တွေကို ဒေသခံများက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ အကြမ်းဖက်သမားတွေ နီးနီးနားနားရောက်လာမှာကို ကြောက်စိတ်နဲ့ နောက်ကျော မအေးနိုင်ကြပါဘူး။ ဒေသခံပြည်သူများကို ပွင့်လင်း မြင်သာစွာရှင်းပြပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေအတွက် အကြံဉာဏ်ယူ ဖြေရှင်းပူးပေါင်းဆောင်ရွက်သင့်ပါတယ်” မြေပုံမြို့နယ်အမတ် ဦးဖေသန်းက ဆိုပါတယ်။

“မည်မျှပင်ကျွမ်ကျင်တဲ့ တောင်တက်သမားဖြစ်ပါစေ၊ ဒေသခံလမ်းပြမပါဘဲ သွားလေ့မရှိပါဘူး”လို့ ဦးဖေသန်းက ပြောလိုက်ပါသေးတယ်။

ANP ပါတီက ပါဝင်ဆွေးနွေးသူတွေဟာ စီမံကိန်းတွေမှာ ဒေသခံတွေ၊ အမတ်တွေ ပါဝင်ဆွေးနွေးခွင့်၊ သိရှိခွင့် မရဘူးလို့လည်း ဆိုကြပါတယ်။ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေက ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းကဆိုရင် ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အစိုးရက လာရောက်ရှင်းပြဖို့ ရခိုင်ပြည်နယ် လွှတ်တော်က အဆိုတင်ပြီးတောင် ဆောင်ရွက်ခဲ့ရတယ်လို့ Frontier ကိုပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကို ANP ပါတီဦးဆောင်တာဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို NLD ပါတီက ဖွဲ့စည်းထားတာဖြစ်တယ်။

တစ်သီးပုဂ္ဂလအဖြစ် ပါဝင်ဆွေးနွေးတဲ့ မအူပင်အမတ် ဦးစိန်ဝင်းကတော့ “ရခိုင်တိုင်းရင်းသားများရဲ့ ယုံကြည်လေးစားအားကိုးမှုရအောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ဖို့လိုအပ်ပါတယ်”လို့ ထည့်ပြောခဲ့ပါတယ်။ သူဟာ ပြီးခဲ့နှစ်ကမှ NLD ပါတီမှ နုတ်ထွက်ခဲ့သူတစ်ဦးလည်းဖြစ်တယ်။

ယခင် အာဏာရ USDP ပါတီကနေ တစ်ဦးတည်းပါဝင်ဆွေးနွေးပြီး အဆိုကို ထောက်ခံခဲ့တဲ့ မိုင်းပန်အမတ်ဦးစိုင်းကျော်မိုးကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွတ်လပ်တဲ့ မူဆလင်ပြည်နယ် အမြန်ဆုံးဖွဲ့စည်းရေး လှုပ်ရှားမှုတွေရှိနေတယ်လို့တောင် ထည့်ပြောခဲ့ပါတယ်။

NLD နဲ့ နှစ်ပေါင်းများစွာ မဟာမိတ်အဖြစ်ရပ်တည်လာခဲ့တဲ့ SNLD က ပါဝင်ဆွေးနွေးသူကတော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဒေသခံတိုင်းရင်းသားတွေထက် အစ္စလာမ်ဘာသာဝင်ဦးရေ ပိုများနေတာကို “လူဦးရေအချိုးအစား တစ်ဖက်စောင်းနင်းဖြစ်မှု”လို့ သုံးနှုန်းထောက်ပြခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ လိုတယ်လို့ အကြံပြုခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုသာအခရာ

NLD အမတ်တွေကတော့ ရခိုင်အရေးမှာ အစိုးရက အင်တာနက်ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေပါ အသုံးပြုပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဆောင်ရွက်နေတာ၊ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေအပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်အောင် ဆောင်ရွက်ထားနိုင်တာ၊ လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်နေတာ စသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ဆောင်မှုတွေကို တစ်ယောက်တစ်မျိုးဆီ ထုတ်ဖော်ဆွေးနွေးခဲ့ကြပါတယ်။

“အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံရေး၊ နိုင်ငံတကာအရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ လုပ်ဆောင်နေတယ်ဆိုတာကို အငြင်းပွားဖွယ်ရာမရှိ တွေ့မြင်နေရပါတယ်”လို့ ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့နယ် NLD အမတ် ဒေါ်နီနီမေမြင့်က ဆိုပါတယ်။

ဒါ့အပြင် ဒီထက်မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရခိုင်ပြည်နယ်သူ ပြည်နယ်သားအားလုံးက ပူးပေါင်း ဆောင်ရွက်သင့်ပြီး ဒါမှသာ နိုင်ငံတကာမျက်နှာစာမှာ ရခိုင်လူမျိုးတွေရဲ့ ပူးပေါင်းဆောင်ရွက်လိုမှုနဲ့ စည်းလုံး ညီညွတ်မှုကို ပြသနိုင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခြားသော NLD အမတ်တစ်ဦးဖြစ်သူ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းက အစိုးရက လေးလတစ်ကြိမ် ထုတ်ပြန်တဲ့ “ပြည်သူသို့ အစီရင်ခံစာ”ကို ပွင့်လင်းမြင်သာမှုအရာမှာ အားရစရာအကောင်းဆုံးလုပ်ဆောင်မှုအဖြစ် သတ်မှတ်ရည်ညွှန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေး အစိုးရလုပ်ဆောင်ချက်တွေကို ပြည်သူတွေသိအောင် အမတ်တွေ ပြောပြခြင်းမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ကြုံတွေ့နေရတဲ့ ဖိအားတွေလျော့ပါးနိုင်တယ်လို့လည်း သူကဆိုတယ်။ ဒေါ်ဝင့်ဝါထွန်းက သူ့ရဲ့ဆွေးနွေးချက်ကို “ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြပါစို့”လို့ တိုက်တွန်းရင်း အဆုံးသတ်ခဲ့ပါတယ်။

တပ်မတော်က အစိုးရကိုထောက်ခံ

လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို ရယူထားတဲ့ တပ်မတော်ကတော့ ရခိုင်ပြည်နယ်အရေးမှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ဟာ လျှင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဒါပေမယ့် ၂၀၁၇ ပဋိပက္ခများအပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်သွားသူတွေကို ပြန်လည်လက်ခံတဲ့အခါ လူဦးရေတိုးပွားမှုနှုန်း၊ ရွှေ့ပြောင်းသွားလာနေထိုင်မှု စတဲ့ကိစ္စတွေမှာ အမျိုးသားအကျိုးစီးပွားကို ရှေးရှုလျှက် ထိန်းချုပ်ဆောင်ရွက်ဖို့ ဒေသခံပြည်သူများ၊ ဌာနေတိုင်းရင်းသားခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ မြို့မိမြို့ဖများနဲ့ ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တယ်လို့အကြံပြုခဲ့တယ်။

မတူကွဲပြားတဲ့ ဘာသာစကားအသုံးပြုသူတွေ နားလည်နိုင်မယ့်ပုံစံမျိုးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ဆဲဥပေဒပါ အကြောင်းအရာတွေကိုရှင်းပြပြီး အဆင့်ဆင့်အုပ်ချုပ်သောပုံစံ အသက်ဝင်ဖို့ အားထုတ်သင့်တဲ့အကြောင်း လည်း တပ်မတော်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေခံဥပဒေအရ တပ်မတော်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ယူရတဲ့အဖွဲ့အစည်းဖြစ်ပြီး ဒေသဆိုင်ရာကိစ္စတွေကို စီမံအုပ်ချုပ်နေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ဟာလည်း သူ့လက်အောက်မှာ ရှိနေပါတယ်။

တပ်မတော်ဖက်က ဆွေးနွေးမှုအတွင်း နှစ်ဖက်လူ့အဖွဲ့အစည်းအကြား နှစ်ပေါင်းများစွာ လျော့ပါးနေတဲ့ ယုံကြည်မှုဟာ နိုင်ငံရေးပယောဂနဲ့ ကောလာဟလတွေကြောင့် သံသယစိတ်တွေပိုကြီးရာက ရန်လိုမုန်းတီးမှုတွေ ပြင်းထန်လာတဲ့အကြောင်း ထောက်ပြချက်လည်း ပါဝင်တယ်။

“မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား တရားဥပဒေနဲ့အညီ တည်ငြိမ်စွာ အတူယှဉ်တွဲနေထိုင်မှသာ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲပြီး ဌာနတိုင်းရင်းသားတို့ရဲ့ အကျိုးစီးပွားဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်”လို့ ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန်းက ထည့်သွင်းပြောဆိုခဲ့တယ်။

ဒါ့အပြင် “ပြည်ထောင်စုကြီးအရေးဖြစ်တဲ့အတွက် ဒေသခံ တိုင်းရင်းသားအကျိုးကို ဦးစားပေးဆောင်ရွက်ကာ နိုင်ငံရေးသမားများအနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီး နိုင်ငံရေးအမြတ်မထုတ်သင့်ပါဘူး”လို့ သူက ဆက်ပြောပါတယ်။

စွပ်စွဲချက်တွေကို ငြင်းဆို

ဆွေးနွေးမှုတွေကို လာရောက်နားထောင်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ တိုင်းရင်းသားကျေးရွာတွေ ထူထောင်မှု၊ ၂၀၁၈ ခုနှစ်အကုန်မှာ ပြီးစီးမယ့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ရခိုင်နဲ့ လူနည်းစုတိုင်းရင်းသားတွေ ပိုမိုလုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် အစီအမံတွေကို လုံခြုံရေးဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အကြောင်း လွှတ်တော်ကို ရှင်းပြခဲ့ပါတယ်။

“လက်ရှိအစိုးရချမှတ်ထားသော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများလွတ်လပ် လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ၊ ဆောင်ရွက်ချက်များဟာ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ လိုလားချက်များအတိုင်း အမှန်တကယ် ရရှိခံစားနိုင်မှာဖြစ်ပါတယ်”လို့ ဒေါက်တာ ဝင်းမြတ်အေးက အဆိုရှင်ကို ရှင်းပြခဲ့ပြီး အဆိုကို မှတ်တမ်းသာတင်သင့်တဲ့အကြောင်း သဘောထားပေးခဲ့တာပါ။ ပြည်သူ့လွှတ်တော်ကလည်း ဒါကို လက်ခံခဲ့ပါတယ်။

အစည်းအဝေးအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာတော့ ဒေါက်တာဝင်းမြတ်အေးက UEHRD စီမံကိန်းဟာ ဝေဖန်ခံနေရသလို မဟုတ်ဘူးလို့ဆိုတယ်။ “ရခိုင်ပြည်နယ်တစ်ခုလုံး အရင်တုန်းကမကြုံဖူးသေးတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်မှာဖြစ်ပါတယ်။ အားလုံးအတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ခုလုံးပါဝင်ပြီး ပြည်နယ်တစ်ခုလုံးရဲ့ အကျိုးကိုဆောင်ရွက်တာပါ”လို့ သူက ပြောပါတယ်။

စီမံကိန်းတွေမှာ ဒေသခံတွေရဲ့ အသံကို အမြဲတမ်းနားထောင်သလို အဲဒီအတိုင်း ဆောင်ရွက်ချက်တွေကို တစ်ထပ်တည်းကျအောင် ကြိုးပမ်းနေတယ်လို့လည်း ဝန်ကြီးကဆိုတယ်။ “ရခိုင်ဒေသခံများပါဝင်မှုက အလွန့်ကို ရာခိုင်နှုန်းများပြားပါတယ်။ ပြန်လည်လက်ခံရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာပဲကြည့်ကြည့်၊ စီးပွားရေးလုပ်ငန်းတွေမှာပဲ ကြည့်ကြည့်၊ အများစုဟာ ရခိုင်တိုင်းရင်းသားဒေသခံတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်အကျိုးကို ဆောင်ရွက်တဲ့နေရာမှာ သတိနဲ့ ဆောင်ရွက်မှသာ တစ်နိုင်ငံလုံးအကျိုးရှိမယ်လို့ လည်း သူက ထည့်ပြောခဲ့ပါတယ်။ “ရခိုင်အကျိုးကိုဖော်ဆောင်ရင်းနဲ့ လုပ်ဆောင်မှုတွေမှားယွင်းသွားရင် တစ်နိုင်ငံလုံးအကျိုးမဲ့စရာအကြောင်းလည်းရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က သတိကြီးစွာထားပြီး ဆောင်ရွက်တာဖြစ်တယ်”လို့ ဝန်ကြီးက ဆိုပါသေးတယ်။

ပြောခွင့်ရတာအမြတ်

လွန်ခဲ့တဲ့နှစ်ပတ်က ဒီအဆိုကိုတင်သွင်းစဉ် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးသင့်တဲ့အကြောင်း ထောက်ခံဆွေးနွေးခဲ့တဲ့ ANP ပါတီ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေကတော့ အဆိုမအောင်မြင်ပေမယ့် တစ်ကယ်ဖြစ်ပျက်နေတာတွေကို ပြောခွင့်ရလို့ ကျေနပ်တဲ့အကြောင်း Frontier ကိုပြောပါတယ်။

နှစ်နှစ်အတွင်း ANP ပါတီက တင်သွင်းတဲ့ အဆိုလေးခုရှိပြီး တစ်ခုမှ အတည်မဖြစ်ခဲ့ပေမယ့် လွှတ်တော်တွင်း ဆွေးနွေးချက်တွေကတစ်ဆင့် ပကတိအခြေအနေတွေကို ထုတ်ဖော်နိုင်ခဲ့တယ်လို့ သူက ယူဆထားတာပါ။

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ စိစစ်ရေး၊ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ကို ပြည်တွင်းက ပုဂ္ဂိုလ်တွေနဲ့သာ ဖွဲ့စည်းရေး၊ မောင်တောဒေသလုံခြုံရေးနဲ့ အခုနောက်ဆုံး မအောင်မြင်တဲ့အဆိုတွေကို သူက ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်ရခိုင်အမတ်တွေရဲ့ အဆိုတွေဟာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မကြိုဆိုခြင်းမျိုးမဟုတ်ဘဲ လိုချင်တဲ့ ပုံစံမျိုး မရှိခဲ့လို့သာ ထောက်ပြနေတာသာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ဒေါ်ခင်စောဝေက “အမြတ်ရတာက အဆိုမှာပါဝင်ဆွေးနွေးချက်တွေကို ပြည်သူတွေ သိသွားတယ်။ အဆိုတင်တယ်ဆိုတာက တစ်ကယ်ဖြစ်ပျက်နေတဲ့အပေါ်မှာ ပြောဆိုဖို့ရှိလို့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေပေ့ါ”လို့ ဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar