A man gives the three-finger salute to thousands of demonstrators in downtown Yangon on February 7. (Frontier)
ဖေဖော်ဝါရီ ၇ ရက်နေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦး လက်သုံးချောင်းထောင်သင်္ကေတဖြင့် ဆန္ဒထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးမှုအရှိန်မြင့်လာ

ဖရွန်းတီးယားမြန်မာ

နိုင်ငံတော်အာဏာသိမ်းမှု ၁၀ရက်မြောက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများနှင့် တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးမှုပိုမိုများပြားလာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အင်န်အယ်လ်ဒီ)က ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တာဝန်ရှိသူများ၊ ပါတီလွှတ်တော်ကိုယ်စားလှယ်အချို့နှင့် တက်ကြွလှုပ်ရှားသူများကို ဖေဖော်ဝါရီ၁၀ရက်နေ့ ညပိုင်းတွင် စစ်တပ်က ၎င်းတို့နေအိမ်များတွင် လိုက်လံဖမ်းဆီးခဲ့သည်။

မိသားစုဝင်များ၏ ပြောကြားချက်အရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့အပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်နှင့် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်တို့သည် ဖေဖော်ဝါရီ၁၀ရက် ညနေပိုင်းနှင့် ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။

“ကျွန်မအမျိုးသားကို မနက်၂နာရီမှာ လာဖမ်းတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတော့ ည ၁၂ နာရီဝန်းကျင်မှာ ဖမ်းသွားတယ်”ဟု ဦးရဲခေါင်ညွန့်၏ ဇနီးသည် ဒေါ်ခင်ထားနွယ်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဂွ၊ အမ်း၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်နှင့် ကျောက်ဖြူအစရှိသည့်မြို့များက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ မတူပီမြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများကိုလည်း ရဲတပ်ဖွဲ့ကခေါ်ဆောင်သွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်မူ မြို့နယ်အဆင့်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများကိုလည်း ဖေဖော်ဝါရီ၁၁ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်ရန် ခရိုင်ကော်မရှင်က အကြောင်းကြားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ အခုသွားနေတယ်။ အတွင်းရေးမှူးရော၊ ရုံးအဖွဲ့တာဝန်ရှိသူရောပါ ပါတယ်။ ဘာတွေလုပ်မယ်။ ဘာဆိုတာတော့ မသိဘူး။ လာခဲ့ဖို့ပဲ ညွှန်ကြားထားတယ်”ဟု ရွှေပြည်သာမြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံဝင်းဇော်က ပြောသည်။

ယခုသတင်းပတ်က မန္တလေးမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်။ (ဓာတ်ပုံ | စည်သူလွင်)

ထို့ပြင် ဧရာဝတီတိုင်း‌ဒေသကြီး ဝါးခယ်မ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှု၌ပါဝင်သည့် တက်ကြွလှုပ်ရှားသူများကိုလည်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်သူ အသက်၄၂နှစ်အရွယ် ဦးသီဟဇော်ကို ဖေဖော်ဝါရီ၁၀ရက် နံနက်၂နာရီခန့်တွင် နေအိမ်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီခဲ့ကြောင်း ဉီးသီဟဇော်၏ ဇနီးဖြစ်သူ မခိုင်ဇင်သန့်က ဆိုသည်။

“ကျွန်မတို့ အိပ်တုန်းနေတုန်း တံခါးလာခေါက်တယ်။ စခန်းကို ခဏလိုက်ခဲ့ပါ။ မေးစရာရှိလို့ လိုက်ခဲ့ပါဆိုပြီးခေါ်တယ်။ ဘာမှမပြောဘူး။ အမျိုးသားက မနက်မိုးလင်းမှလာခဲ့မယ် ပြောတာကိုမရဘူး။ ပြီးတော့ မြောင်းမြထောင်ကို တစ်ခါတည်းတန်းပို့တယ်။ တွေ့ခွင့်လည်းမရဘူး”ဟု ၎င်းက ပြောသည်။ ဦးသီဟဇော်တွင် ကလေးနှစ်ဦးရှိပြီး နှလုံးရောဂါအခံရှိကြောင်း ဇနီးဖြစ်သူကပြောသည်။

မုံရွာမြို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဇော်သူရိန်ထွန်းကို နေအိမ်ရှေ့ထိုင်နေစဉ် အရပ်ဝတ်လူနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဝရမ်းမပြဘဲ အတင်းဝင်ရောက်ဖမ်းဆီးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လူငယ်တက်ကြွသူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသောကြောင့် တိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ လက်ရှိအချိန်ထိ တက်ကြွလှုပ်ရှားသူ လူငယ်လေးဦးခန့် အဖမ်းဆီးခံထားရသည်ဟု တိမ်းရှောင်နေရသူ အသက်၂၆နှစ်အရွယ် လူငယ်တစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ကျွန်တော်တို့မြို့ကကျဉ်းတော့ ခြေရာခံရတာ လွယ်တာပေါ့။ အရင်ရက်တွေက သတင်းထောက်လိုလို၊ ဘာလိုလိုလူတွေက ဆန္ဒပြသူတွေရဲ့ မျက်နှာတွေကို ဓာတ်ပုံလိုက်ရိုက်တယ်။ အဲဒီနောက်ပိုင်း စဖမ်းတော့တာပဲ။ အခုတော့ မြို့ခံတွေက ဒီလူတွေကိုဖော်ထုတ်ပြီး ဆိုရှယ်မီဒီယာမှာ အရှက်ခွဲတာမျိုးတွေ လုပ်နေကြတယ်”ဟု ၎င်းကပြောသည်။

လားရှိုးမြို့တွင်မြို့ခံများနှင့် နယ်အသီးသီးက ရောက်ရှိလာသည့် လူထုတစ်သိန်းကျော်က နေ့စဉ်ဆန္ဒထုတ်ဖော်နေပြီး အစိုးရဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုကလည်း အရှိန်မြင့်တက်လာနေသည်ဟု သူကဆိုသည်။

“ကျွန်တော်ထင်တာတော့ ခေါင်းဆောင်ပိုင်းလူငယ်တွေကို လိုက်ဖမ်းနေတာ လူထုကြောက်သွားအောင်  ‌ခြောက်လှန့်ချင်လို့ထင်တာပဲ”ဟု တိမ်းရှောင်နေသည့် အဆိုပါလူငယ်က ပြောသည်။

လက်ရှိအချိန်ထိ လားရှိုးတွင် နေ့စဉ်ဆန္ဒပြလူအုပ်ကို ဖြိုခွင်းခြင်းမရှိသေးသော်လည်း စစ်သားနှင့် ရဲအင်အား အမြောက်အမြားချထားကြောင်း သိရသည်။ ရဲက လိုက်လံဖမ်းဆီးခြင်းခံနေရသော်လည်း ဆန္ဒပြမှုများကို လုပ်ဆောင်ခဲ့သည်အပေါ် နောင်တမရဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ အိပ်မက်တွေကို ရိုက်ချိုးခံလိုက်ရတာ။ ကျွန်တော်တို့မျိုးဆက်အတွက် စစ်အာဏာရှင်ကို တိုက်ခိုက်ဖို့က ကျွန်တော်တို့တာဝန်ပဲ။ ကျွန်တော်တို့ ကလေးတွေရဲ့သမိုင်းဘာသာရပ်မှာ ကျွန်တော်တို့က ဒီစစ်အာဏာရှင်ကို အရှုံးပေးလိုက်ရပါတယ်ဆိုတာမျိုး အသင်မခံစေရဘူး”ဟု သူက ပြောသည်။

၂၀၂၀၊ နိုဝင်ဘာ၈ရက်ကကျင်းပသည့် ရွေးကောက်ပွဲတွင် အခြေခံသည့် မဲစာရင်းများကိုအကြောင်းပြုကာ ဖေဖော်ဝါရီ၁ရက်တွင် တပ်မတော်က နိုင်ငံတော်သမ္မတ အပါအဝင်နိုင်ငံခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့သည်။

အာဏာသိမ်းသည့်လုပ်ရပ်ကို မကျေနပ်သည့် လူထုသည် ဖေဖော်ဝါရီ၆ရက်မှစ၍ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စတင်ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းဆန္ဒပြပွဲများ ပိုမိုအရှိန်မြှင့်လာပြီး အစိုးရဝန်ထမ်းများကလည်း အစိုးရယန္တယားစနစ် ရပ်တန့်စေရန်ရည်ရွယ်ကာ ရုံးမတက်ခြင်းဖြင့် ငြိမ်းချမ်းစွာအာခံခြင်း (Civil Disobedience Movement) လှုပ်ရှားမှုကို လုပ်ဆောင်လျက်ရှိသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.