အစိုးရသစ်၊ ကားတင်သွင်းခွင့် ပေါ်လစီ အသစ် ချမှတ်ဖို့ လိုနေပြီလား

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ အပြောင်းအလဲ လုပ်ပြီးနောက် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်းကို ပြည်ပကနေ ကားအစီးရေ ၆ သိန်း ၇ သောင်းကျော် တင်သွင်းခဲ့ပြီးပါပြီ။

ဒါဟာ ပျမ်းမျှ တစ်နှစ် ကားအစီးရေ တစ်သိန်း သုံးသောင်းကျော်လောက် တင်သွင်းတဲ့ သဘောဖြစ်ပြီး ဆင်းရဲတဲ့ နိုင်ငံ တစ်နိုင်ငံအတွက် များပြားလှတဲ့ အရေအတွက် ဖြစ်ပါတယ်။ ကားတွေ ဒီလို အများကြီး တင်သွင်းခဲ့ပေမဲ့လည်း သွင်းလာသမျှ ကားအများစုကြီးဟာ ရန်ကုန်မှာပဲ ကျပ်နေပြီး နယ်မြို့တွေမှာတော့ ကားရှားပါးနေဆဲပါ။သွင်းလာသမျှ ကားအားလုံးနီးပါးဟာ မြန်မာနိုင်ငံရဲ့ ညာဘက်ကပ်မောင်း လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ဂျပန်တစ်ပတ်ရစ် ညာဂိုင်းကားတွေချည်း ဖြစ်နေတာကလည်း အသုံးပြုနေတဲ့ ပြည်သူတွေကို ဘေးအန္တရာယ် ကျရောက်စေပါတယ်။

ပြောရရင် ပြည်ပကနေ ကားတင်သွင်းမှုကနေ တိုင်းပြည် အခွန်ဘဏ္ဍာ အထိုက်အလျောက် ရနေပေမယ့် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ တိကျတဲ့ ပေါ်လစီ မရှိတာကြောင့် ကားတင်သွင်းမှုနဲ့ ပတ်သက်ပြီး ပြဿ      နာတွေ အများကြီး ရှိနေဆဲပါ။ ဒီတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၁ မတ်လကုန်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ အရင် စစ်အာဏာရှင်တွေဟာ ပြည်သူတွေကို တရားဝင် ကားတင်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကားတင်သွင်းခွင့် ပိတ်ပင်ထားတဲ့အတွက် ပြည်တွင်းမှာ အသုံးပြုနေတဲ့ ကားအများစုဟာ အိုမင်းဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ကားတွေဖြစ်ခဲ့ပြီး ဈေးနှုန်းကလည်း ကမ္ဘာမှာ အမြင့်ဆုံးလောက် ဖြစ်ခဲ့ပါတယ်။

ဒီလို ကားဈေးနှုန်းတွေ မတန်တဆ အလွန်အမင်း မြင့်တက်နေတဲ့အတွက် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကားတင်သွင်းခွင့် ပါမစ် ထုတ်ပေးတာကနေ ကိုယ်ကျိုးစီးပွား အလွန်ဖြစ်ထွန်းခဲ့ကြပါတယ်။ ကားတစ်စီး တင်သွင်း ခွင့်ပြုပေးလိုက်ရုံနဲ့ ဒေါ်လာ တစ်သိန်းလောက် လာဘ်ငွေရတဲ့ နိုင်ငံရယ်လို့ ကမ္ဘာမှာ ရှိခဲ့မှာ မဟုတ်ပါဘူး။

၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာတဲ့အခါ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး တိကျတဲ့ ပေါ်လစီ မရှိပေမဲ့ ဖြေလျော့မှုတွေ စ လုပ်ပေးခဲ့ပါတယ်။ အဲဒါကတော့ ပြည်သူတွေ သုံးနေတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ကားတစ်စီး အရည်ကျိုဖို့ အစိုးရကို သွားအပ်ရင် အစိုးရက အစားထိုး တစ်ပတ်ရစ် ကားတစ်စီး တင်သွင်းခွင့်ပြုတဲ့ ပါမစ် တစ်စောင် ထုတ်ပေးတဲ့ စနစ်ပါ။ ဒီ စနစ်နဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ သိန်းနဲ့ချီရှိတဲ့ ကားတွေကို အရည်ကျိုစက်ရုံ ပို့ပြီး ဂျပန်က တစ်ပတ်ရစ်ကားတွေ တင်သွင်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပြည်သူ တစ်ဦးချင်းစီကို တစ်ပတ်ရစ်ကား တစ်စီးစီ တင်သွင်းခွင့် ပေးခဲ့ပြန်ပါတယ်။ ဒါပေမဲ့လည်း အခွန်အခက များတော့ ပြည်သူအများစုကြီးဟာ ဈေးပေါတဲ့ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ အောက် ကားငယ်လေးတွေကိုပဲ တင်သွင်းခဲ့ကြပြီး အများစု ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေလောက်မှာပဲ သုံးနိုင်ကြတာ တွေ့ရပါတယ်။

ကားတင်သွင်းခွင့် ပိတ်ပင်ထားတဲ့အတွက် ပြည်တွင်းမှာ အသုံးပြုနေတဲ့ ကားအများစုဟာ အိုမင်းဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ကားတွေဖြစ်ခဲ့ပြီး ဈေးနှုန်းကလည်း ကမ္ဘာမှာ အမြင့်ဆုံးလောက် ဖြစ်ခဲ့ပါတယ်။

နယ်မြို့တွေမှာတော့ ရန်ကုန်က တရားဝင် တင်သွင်းတဲ့ ကားတွေ သူတို့ ဒေသတွေမှာ အသုံးမတည့်တာ၊ ဈေးကြီးတာတွေကြောင့် နယ်စပ်ကနေ ခိုးသွင်းလာတဲ့ လိုင်စင်မဲ့ကားတွေကို သုံးနေကြတာ ဒီနေ့ထက်ထိတိုင်အောင်ပါပဲ။ ဒီအတွက် ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ် လွှတ်တော်တွေဟာ နယ်စပ်ကနေ သွင်းလာတဲ့ လိုင်စင်မဲ့ကားတွေကို ဒေသသုံး ကားတွေအဖြစ် လိုင်စင်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရက ခွင့်မပြုတော့ အဲဒါလည်း မလုပ်ဖြစ်ခဲ့ပါဘူး။

ဒီအတွက် အစိုးရအနေနဲ့ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး တိကျတဲ့ ပေါ်လစီ တစ်ခု ချမှတ်ဖို့ လိုအပ်နေတာ တွေ့ရပါတယ်။ အဲဒါကတော့ လက်ရှိ ညာကပ်မောင်း လမ်းစနစ်နဲ့ ကိုက်ညီတဲ့ ဘယ်ဂိုင်း ကားတွေကိုပဲ တင်သွင်းခွင့်ပြုဖို့ပါ။ တကယ်တော့ ညာကပ်မောင်းစနစ် ကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ ညာဂိုင်းသုံးတာဆိုလို့ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်း ရှိပါတယ်။ ဒါဟာ ပြည်သူတွေအတွက် အလွန်အန္တရာယ်ဖြစ်စေတဲ့ ကိစ္စမျိုးပါ။

ဆင်းရဲပြီး ညာကပ်မောင်းစနစ်ကျင့်သုံးတဲ့  ကမ္ဘောဒီးယားလို နိုင်ငံမှာတောင် အဲလို လမ်းစနစ်နဲ့ မကိုက်တဲ့ ညာဂိုင်းကားတွေ လုံးဝ တင်သွင်းခွင့်မပေး၊ အသုံးပြုခွင့် မပေးပါဘူး။ တကယ်လို့ အစိုးရအနေနဲ့ ပြည်သူတွေကို မလွန်ဆန်နိုင်လို့ ဂျပန်တစ်ပတ်ရစ် ညာဂိုင်းကားတွေကိုပဲ သွင်းခွင့်ပေးချင်သပ ဆို လမ်းစနစ်ကို ညာကပ်မောင်း စနစ်ကနေ ဘယ်ကပ်မောင်းစနစ် ပြောင်းလဲဖို့ပဲ ရှိပါတော့တယ်။

နောက်ပြဿ     နာ တစ်ခုက တစ်တိုင်းပြည်လုံး လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ လူဦးရေ အခြေအနေ၊ စီးပွားရေး အခြေအနေ၊ ပြည်သူတွေရဲ့ ချမ်းသာ ဆင်းရဲမှု စတာတွေ တွက်ချက်ပြီး တိုင်းပြည် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကားတွေ ပြည်တွင်းကို ရောက်လာအောင် အခွန်စနစ်ကို ပြုပြင်ဖို့ လိုနေပါတယ်။

ဥပမာအားဖြင့် နယ်မြို့တွေနဲ့ ကျေးရွာတွေမှာ ၁၃၀၀ စီစီအောက် ကားငယ်လေးတွေ သုံးလို့ မသင့်တော်ပါဘူး။ လူလည်းစီး၊ လုပ်ငန်းခွင်တွေမှာလည်း သုံးနိုင်၊ အကြမ်းလည်းခံတဲ့ ပစ်ကပ် ကားမျိုးတွေ များများ လိုအပ်ပါတယ်။ ဒီအတွက် ပစ်ကပ်ကားတွေ များများ တင်သွင်းနိုင်အောင် အခွန်အခ လျှော့ချတာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။ အလားတူ ဘတ်စ်ကားတွေ၊ ကုန်တင်ကားတွေနဲ့ လုပ်ငန်းသုံးကားတွေကို ပြည်သူတွေ အသုံးပြုနိုင်အောင် အခွန်အခ လျှော့ချ ထိန်းညှိတဲ့နည်းနဲ့ ပြည်တွင်း ဝင်ရောက်လာအောင် အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။

နောက်ထပ် ဖြေရှင်းပေးဖို့ လိုတဲ့ ပြဿ     နာကတော့ လက်ရှိ ပြည်သူ တစ်ဦးချင်း ကားတင်သွင်းခွင့်ပြုတယ် ဆိုတဲ့ စနစ် ပြုပြင်ဖို့ပါ။ တကယ်လက်တွေ့ လုပ်ငန်းစဉ်တွေ ရှုပ်ထွေးတာကြောင့် ဘယ်ပြည်သူကမှ ကိုယ်စီးမယ့်ကားတစ်စီး ပြည်ပကနေ ပြည်တွင်းရောက်လာအောင် မလုပ်နိုင်ကြပါဘူး။ အားလုံး ပွဲစားကုမ္ပဏီတွေကပဲ ဝင်ရောက် လုပ်ကိုင်နေကြတာပါ။

ဒီနေရာမှာ အစိုးရအနေနဲ့ ကုမ္ပဏီတွေ ကားတင်သွင်း ရောင်းချနိုင်အောင် ဖန်တီးပေးပြီး ပြည်သူတွေကို လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်ပြုတာမျိုး အကောင်အထည် ဖော်သင့်ပါတယ်။ နောက်လိုအပ်တာက ယာဉ်အိုယာဉ်ဟောင်း အပ်ရင် တစ်ပတ်ရစ်ကား တင်သွင်းခွင့် ပါမစ် တစ်စောင် ထုတ်ပေးတဲ့ စနစ်ကို ဖျက်သိမ်းလိုက်ဖို့ပါ။

အခု အဲဒီ စနစ်ကြောင့် ပါမစ် တစ်စောင် ဒေါ်လာ ၇၀၀၀- ၈၀၀၀ ဈေးပေါက်နေပြီး ကားဟောင်းပိုင်ရှင် တချို့ ကိုယ့်ကားကိုယ်ကို ထုရိုက် ဖျက်ဆီးပီး တိုက်ကြေကားအဖြစ် အစိုးရဆီ အပ်နှံ၊ ပါမစ် တစ်စောင် ထုတ်ယူတဲ့ ဖြစ်ရပ်ပေါင်း များစွာ ပေါ်ပေါက်နေတာလည်း တွေ့နိုင်ပါတယ်။

နောက်ဆုံး အစိုးရအနေနဲ့ စဉ်းစားဖို့ လိုတာက တိုင်းပြည်မှာ တစ်နှစ် ကားအစီးရေ တစ်သိန်းလောက် လိုအပ်နေတယ် ဆိုရင် ပြည်ပကနေ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ တစ်ပတ်ရစ်ကားတွေ တင်သွင်းခွင့်ပြုနေတာ အပြင် ပြည်တွင်းမှာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကားအမျိုးအစားတွေကို တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ထောင်နိုင်ရေး အားပေးဖို့ပါ။ ဒါဟာ ပြည်သူတွေ အတွက်ရော၊ တိုင်းပြည်စီးပွားရေး အတွက်ပါ ကောင်းကျိုးး ဖြစ်ပေါ်စေမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar