ရန်ကုန်၊ မေ ၉
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များသည် အစိုးရထိန်းချုပ်ထားသည့် မီဒီယာများကိုအသုံးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ခဲ့သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ခုက စွပ်စွဲလိုက်ပြီး ယင်းလုပ်ရပ်များကို အရေးယူပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားလိုက်သည်။
မေ ၈ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသည့် စာမျက်နှာလေးမျက်နှာပါ အဆိုပါ တိုင်ကြားစာတွင် မတ် ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရတစ်နှစ်ပြည့် ရုပ်သံနှင့် ရေဒီယို မိန့်ခွန်းနှင့် မတ် ၃၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့၏ ရုပ်သံဆွေးနွေးခန်းတို့ကို ထောက်ပြတိုင်ကြားခဲ့သည်။
မတ် ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို အစိုးရတစ်နှစ်ပြည့် မိန့်ခွန်းဟု အကြောင်းပြထားသော်လည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် ချိန်သားကိုက် ပြောဆိုခဲ့သည့် စည်းရုံးလှုံ့ဆော် ဟောပြောချက် မိန့်ခွန်း (Political Campaign Speech) သာဖြစ်နေကြောင်း ပြည်ခိုင်ဖြိုးနှင့် အခြားပါတီ ၁၂ ခု၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။
မတ် ၃၁ ရက်နေ့ အစိုးရပိုင်သတင်းစာများတွင်လည်း ထပ်မံရိုက်နှိပ် ဖော်ပြခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါမိန့်ခွန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြွေးကျော်သံများဖြစ်သော “ပြောင်းလဲချိန်တန်ပြီ” နှင့် “ပြည်သူများနှင့်အတူ”ဟူသည့် အသုံးအနှုန်းများ ထည့်သွင်း ပြောကြားခြင်းသည် ဝန်ကြီးတစ်ဦးက နိုင်ငံရေးပါတီတစ်ခု၏ လုပ်ငန်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းတိုင်ကြားထားသည်။
အလားတူ မတ် ၃၁ ရက်နေ့ တွင် ထုတ်လွှင့်ခဲ့သော ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့၏ ရုပ်သံဆွေးနွေးခန်းတွင်လည်း ပါတီ၏ အမှတ်တံဆိပ်များ တပ်ဆင်ဟောပြောခြင်း၊ ပါတီ၏သမိုင်းကြောင်းများအား ထည့်သွင်းဟောပြောခြင်းသည် ဥပဒေကို လက်တစ်လုံးခြား လှည့်ဖျားပြီး ပြိုင်ဘက်ပါတီများအား အသာစီးရယူခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
အစိုးရပိုင် မီဒီယာတစ်ခုကို ပါတီအကျိုးအတွက် အသုံးချခြင်းကို လက်ခံနိုင်စရာမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ရပ်ကို တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားစာတွင် လက်မှတ်ရေးထိုးခဲ့သည့် ပါတီတစ်ခုဖြစ်သော အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်သူမောင်က ပြောသည်။
“အစိုးရပိုင်မီဒီယာကို ပါတီတစ်ခုက အသုံးချတာကို ဘယ်ပါတီမှ မလုပ်သင့်ဘူး။ လုပ်လို့လဲ မရပါဘူး။ ဒါဥပဒေအရ တားမြစ်ထားတဲ့အရာပါ”ဟု ဦးကျော်သူမောင်က ပြောသည်။
ရွေးကောက်ပွဲ နီးကပ်ချိန်တွင် အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်များအား မေးမြန်းထားသည့် အစီအစဉ်များကို အစိုးရက ထိန်းချုပ်ထားသည့် မီဒီယာများတွင် ထည့်သွင်း ထုတ်လွှင့်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနအား ယခင်ကတည်းက ဝေဖန်မှုများ ရှိခဲ့သည်။
အဆိုပါဖော်ပြမှုများသည် “တိုက်ဆိုင်မှု”သာဖြစ်ပြီး ယင်းအဖြစ်အပျက်များကို ပြန်လည်သုံးသပ်မည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Frontier ကို ဧပြီလ နောက်ဆုံး သီတင်းပတ်အတွင်းက ပြောကြားခဲ့ဖူးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ အခြားပါတီများက ၎င်းတို့အား တိုင်ကြားထားမှုနှင့် ပတ်သတ်ပြီး ကော်မရှင်ထံမှ အကြောင်းကြားမှု မရှိသေးပဲ ၎င်းအနေဖြင့် တစုံတရာ မှတ်ချက်ပေးရန်မရှိဟု ပြောကြားသည်။
ကော်မရှင်ထံ တိုင်ကြားစာတွင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ဦးသိန်းညွှန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ် ၊ ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီ၊ ဦးကောင်းမြင့်ထွဋ်၏ မြန်မာအမျိုးသား ကွန်ဂရက်ပါတီတို့အပြင် ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီနှင့် ဝံသာနုဒီမိုကရက်တစ်ပါတီတို့ ပါဝင်လက်မှတ်ရေးထိုးထားသည်။
သတင်း-ထွန်းခိုင်