အစိုးရတစ်ခု အောင်မြင်ရေးအတွက် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသဖြင့် အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် လူငယ်စီးပွားရေးလုပ်ငန်းရှင်များကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
“စီးပွားရေးဆိုတာ စီးပွားရေး သက်သက်ပဲ မရပ်တည်နိုင်ဘူး။ စီးပွားရေးအောင်မြင်ဖို့ဆိုတာ အစိုးရရဲ့ မူဝါဒတွေနဲ့လည်း သက်ဆိုင်နေတယ်။ ထိုနည်းလည်းကောင်းပဲ အစိုးရတစ်ခု အောင်မြင်ဖို့ဆိုတာဟာလည်း စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်မတို့အတူတူ ပူးတွဲပြီးတော့ လုပ်ကြစို့” ဟု နေပြည်တော်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
“နိုင်ငံတော်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပူးတွဲပြီးတော့ လုပ်တယ်ဆိုတာ ဘာအတွက်လဲဆိုတော့ နိုင်ငံ တိုးတက်ရေးအတွက်၊ နိုင်ငံသူ နိုင်ငံသားများရဲ့ လုံခြုံရေးနဲ့ စိတ်ချမ်းသာရေးတို့အတွက်ပဲ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။
“ကျွန်မတို့ အခုလုပ်နေတဲ့ကိစ္စက တစ်နေ့ကောင်းဖို့လည်း မဟုတ်ဘူး၊ တစ်လကောင်းဖို့လည်းမဟုတ်ဘူး၊ တစ်နှစ်ကောင်းဖို့လည်း မဟုတ်ဘူး၊ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ သက်တမ်းတစ်ခုကောင်းဖို့လည်း မဟုတ်ပါဘူး။ နိုင်ငံရေး လောကမှာဆိုရင် အဆိုရှိတဲ့အတိုင်းပဲ တကယ်နိုင်ငံရေး လုပ်စားနေတဲ့သူတွေကတော့ နောက် ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ ဒါပေမယ့် နိုင်ငံ့အရေး လုပ်တဲ့သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်။ အဲဒါကို ကျွန်မတို့စီးပွားရေး လုပ်ငန်းရှင်များကလည်း ဒီအတိုင်းပဲ စိတ်ထဲမှာ ထားစေချင်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသည်။
“ကျွန်မတို့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ခေတ်အတွက်တင်မဟုတ်ဘူး။ ကိုယ်အတွက်တင် မဟုတ်ဘူး။ နောင်လာ နောင်သားတွေအတွက် စီးပွားရေးလမ်းကြီး ဖြူးဖြောင့်သွားအောင် ကျွန်မတို့နိုင်ငံရဲ့ လုံခြုံရေး တောင့်တင်းခိုင်မာအောင် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတို့ရဲ့ စိတ်ဓာတ်မြင့်မားလာအောင်အတွက် ကြိုးစားပြီးတော့ စီးပွားရေးဘက်ကနေပြီး လုပ်ပေးကြပါ” ဟု ၎င်းက ပြောကြားသည်။