အစိုးရဌာနများအတွင်း အဂတိလိုက်စားမှု တားဆီးရေးအတွက် တားဆီးရေးအဖွဲ့များဖွဲ့ရန် သမ္မတခွင့်ပြု

ရဲမွန်

အစိုးရဝန်ကြီးဌာနများနှင့် အခြားသောဌာနများအတွင်း ပျံ့နှံ့နေသည့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ရေး အတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို သမ္မတဦးဝင်းမြင့်က ဖွဲ့စည်းခွင့်ပြုလိုက်သည်။

ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့သည့် သဝဏ်လွှာတွင် သမ္မတက ထိုသို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

အစိုးရအနေဖြင့် အဂတိလိုက်စားမှုကြောင့် ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် လျှော့ချနိုင်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ ပျံ့နှံ့နေသည့် အဂတိလိုက်စားမှုကို သိသာစွာ ကျဆင်းသွားစေရန်နှင့် ကမ္ဘာ့ဘဏ်၏ ကောင်းမွန်သည့်စီမံအုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်းတွင် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ခြင်းအဆင့် တိုးတက်လာစေရန် ချမှတ် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ ပြင်းပြစွာရှိပြီး ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် လုပ်ဆောင်ရန်လည်း သန္ဒိဌာန် ချထားပြီး ဖြစ်ပါသည်”ဟု သဝဏ်လွှာတွင် သမ္မတက ပြောထားထားသည်။

ထိုသို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ခြင်းသည် အစိုးရဌာနများအတွင်း လာဘ်ပေး လာဘ်ယူမှုကို သိသာစွာ ကျဆင်းသွားစေနိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

“အဲဒီအဖွဲ့တွေကို ဌာနတိုင်းမှာ ဖွဲ့စည်းသွားရမှာပါ။ သူတို့က သူတို့လူကို ပြန်စောင့်ကြည့်ရမယ်။ စောင့်ကြည့်နေရင်း အဂတိလိုက်စားတာတွေ့ရင် ဌာနအကြီးအကဲက ဝန်ထမ်းလက်စွဲပါအတိုင်း အရေးယူရမယ်။ အဂတိလိုက်စားထားတာ တအားများနေတယ်ဆိုရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူရမယ်”ဟု ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားသည်။

အဆိုပါတားဆီးကာကွယ်ရေးအဖွဲ့များတွင် တာဝန်ပေးအပ်ရန်အတွက် ဝန်ထမ်းအချို့ကို ကော်မရှင်က လေ့ကျင့် သင်ကြားပေးထားပြီးဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံရှိ ဝန်ထမ်း ၉၀ ရာခိုင်နှုန်းကျော်မှာ အဂတိလိုက်စားလိုခြင်းမရှိဘဲ ၎င်းတို့၏ တာဝန်များကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်လိုကြသည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်းလည်း ဦးအောင်ကြည်က ပြောသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး တင်းတင်းကြပ်ကြပ် ကိုင်တွင်နေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ကာ ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သည်။ ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ထို့နောက် အဂတိလိုက်စားသည့် အစိုးရအရာရှိများကို ဖမ်းဆီးအရေးယူမှုများရှိခဲ့သည်။

ကော်မရှင်သစ်၏ သက်တမ်းတစ်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် သက်ဆိုင်သည့် တိုင်စာစုစုပေါင်း ၁,၇၆ဝ စောင် လက်ခံရရှိခဲ့ပြီး ကယားပြည်နယ်နှင့် ပတ်သက်သည့်တိုင်စာမှာမူ တစ်နှစ်အတွင်း ကိုးစောင်သာရှိသည်ဟု ကော်မရှင်ထံမှ သိရသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဟန်ညွန့်က တိုင်ကြားသူများအနေဖြင့် အချက်အလက် ပြည့်စုံစွာဖြင့် တိုင်ကြားပေးရန် အရေးကြီးကြောင်းနှင့် အဂတိလိုက်စားထားကြောင်း မှန်ကန်သော်လည်း အချက်အလက် မပြည့်စုံမှုကြောင့် အရေးယူမရသည့်အမှု ၂,၃၅၈ မှုအထိရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“တချို့ဆို တိုင်ကြားသူနေရာမှာ လက်မှတ်မထိုးထားဘူး။ လက်မှတ်မထိုးထားတဲ့အတွက် ကျွန်တော်တို့လည်း ဘာမှ အရေးယူလို့မရဘူး”ဟု ၎င်းကဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.