အစိုးရက ကျန်းမာရေး စောင့်ရှောက်မှုများ စီစဉ်ပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ လိုလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တကယ် အာဏာရလာတဲ့အခါမှာတော့ ဘဝတူ နိုင်ငံရေး အကျဉ်းသားတွေကိစ္စကို လုံလောက်တဲ့ အကူအညီ မပေးရုံတင်မက လျှစ်လျှူရှုခဲ့ကြတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စွပ်စွဲကြပါတယ်။

ထွန်းခိုင် ရေးသားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ဦးထွန်းကြည်ဟာ သူ့မိတ်ဆွေတွေနဲ့အတူ မြန်မာနိုင်ငံက ခေတ် အဆက်ဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အခြေအနေကို စာရင်းကောက်ယူနေပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ကောက်ခံနေတဲ့ ဒီစာရင်းကို လွတ်တော်အမတ်တွေဆီ ပေးပို့မှာဖြစ်ပြီး သူတို့အကူအညီနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအကြောင်း လွှတ်တော်တွင်းမှာ ဆွေးနွေးဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

“နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပြန်လည်ကုစားရေးနဲ့ ပြန်လည်ထူထောင်ရေး ဥပဒေတစ်ခု ပြဌာန်းပေးနိုင်ဖို့ အစိုးရကို ကျွန်တော်တို့ တိုက်တွန်းဖို့ ကြိုးစားနေတယ်”လို့ ဦးထွန်းကြည်က ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးသမား ထောင်ပေါင်းများစွာဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး သူတို့ထဲတစ်ချို့ဟာ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေ ခံစားနေကြရပါတယ်။

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဟာ လုံလောက်တဲ့ ဆေးကုသမှုတောင် မခံယူကြရပါဘူး။

“နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ ဆိုးရွားနေတဲ့ ကျန်းမာရေးကို မစောင့်ရှောက်ပေးတဲ့အပြင် လစ်လျှူရှုထားတော့ သူတို့ရောဂါဟာ ပိုပြီး ဆိုးရွားလာနေတယ်”လို့ ဦးထွန်းကြည်က ပြောပါတယ်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်သွားခဲ့တဲ့ စစ်အစိုးရကို တော်လှန်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဆိုးရွားလှတဲ့ အကျဉ်းထောင်တွေထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်နေခဲ့ကြရတဲ့အပြင် နှိပ်စက်ညှင်းပန်းမှုတွေကိုပါ ခံစားခဲ့ကြရတာပါ။

အဲဒီနိုင်ငံရေးအကျဉ်းသားတွေ အများအပြားထဲက တစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်းဟာ သာယာဝတီအကျဉ်းထောင်မှာ ၁၃ နှစ်ကျော်ကြာအောင် ထိန်းသိမ်းခံခဲ့ရပါတယ်။

“အသီးအရွက်တွေ လတ်လတ်ဆတ်ဆတ် စိုက်ပျိုး စားခွင့်မရခဲ့တဲ့ အချိန်တွေရှိတယ်။ ကြာကြာခံမယ့် အစားအစာတွေကိုပဲ စားကြရတဲ့ အချိန်တွေရှိခဲ့တယ်။ အဲဒီအစားအစာတွေ မှိုတက်လာလည်း စားစရာမရှိတဲ့အတွက် စားခဲ့ရတာပဲ။ ၁၀ နှစ်လောက ်ဒါတွေချည်းစားခဲ့ရတဲ့အကျိုးဆက်ကတော့ ရောဂါမျိုးစုံ ခံကြရတာဘဲ”လို့ ဦးကျော်ဆန်းက ပြောပါတယ်။

လတ်ဆတ်မှုမရှိတဲ့ အစားအစာနဲ့ သောက်သုံးရေတွေကို ဆယ်စုနှစ်ပေါင်းများစွာ သုံးစွဲခဲ့ရတဲ့အကျိုးဆက်ကြောင့် နိုင်ငံရေး အကျဉ်းသားတွေဟာ အသည်း၊ အဆုတ်၊ နှလုံးနဲ့ ဆီးချိုရောဂါတွေ ခံစားနေကြရတယ်လို့ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စေတနာဆေးခန်းတာဝန်ခံ ဦးထွန်းကြည်က ပြောပါတယ်။

dsc_2885.jpg

ရန်ကုန်မြို့ရှိ ဟံသာဝတီဦးဝင်းတင်ဖော်ဒေးရှင်းဆေးခန်းတွင် ဒေါက်တာမြင့်သိန်းက လူနာတစ်ဦးအား စမ်းသပ် ကုသပေးနေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

“လစဉ်ဆေးခန်းကို လာပြတဲ့ လူ ၄၀၀ လောက်မှာ ၁၀ ရာခိုင်နှုန်းလောက်က အဆုတ်ရောဂါရှိတယ်။ နောက် ၃၀ ရာခိုင်နှုန်းလောက်က အသည်းရောဂါ ခံစားနေကြရတယ်။ ကျန် ၇၅ ရာခိုင်နှုန်းလောက်က နှလုံးနဲ့ ဆီးချို သွေးတိုးရောဂါတွေ လာပြကြတယ်”လို့ ဦးထွန်းကြည်က ပြောပါတယ်။

တစ်လကို နိုင်ငံရေးအကျဉ်းသား ၃၀၀ ကနေ ၄၀၀ အထိ ဆေးကုသပေးနေတဲ့ ရန်ကုန်အခြေစိုက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း စေတနာဆေးခန်းလည်ပတ်ဖို့အတွက် ဦးဆောင်တဲ့သူတွေထဲမှာ သူလည်း အပါအဝင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် အဲဒီဆေးခန်းက အရေးပါလှပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေအတွက် အခမဲ့ ကုသပေးနေတဲ့ တစ်ခုတည်းသော ဆေးခန်းဖြစ်လို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုဆေးဝါးကုသမှုဟာ ရန်ကုန်နဲ့ အနီးတဝိုက်မှာနေထိုင်ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်ပဲ လက်လှမ်းမှီနိုင်ပါတယ်။

ရန်ကုန်နဲ့ ဝေးကွာတဲ့နေရာတွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ အကျဉ်းထောင်တွေထဲက ပါလာတဲ့ ရောဂါတွေကို  ကုသဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။

“ကျွန်တော်တို့မိတ်ဆွေ နိုင်ကျဉ်းဟောင်းတွေက သူတို့ ကျန်းမာရေးအတွက် အကူအညီတောင်းရင် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ လက်ပိုက်ကြည့်နေရတယ်”လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့(FPPS) ပြည်ခရိုင်တာဝန်ခံလည်းဖြစ်သူ ဦးကျော်ဆန်းက ပြောပါတယ်။

သူတို့ မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာရင် သူတို့အတွက် စောင့်ရှောက်မှုတွေ ပိုမိုရလာမယ်လို့ အကျဉ်းသားဟောင်းတွေ ထင်မှတ်ခဲ့ကြတာပါ။

ဒါမေပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တကယ် အာဏာရလာတဲ့အခါမှာတော့ ဘဝတူ နိုင်ငံရေး အကျဉ်းသားတွေကိစ္စကို လုံလောက်တဲ့ အကူအညီ မပေးရုံတင်မက လျှစ်လျှူရှုခဲ့ကြတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စွပ်စွဲကြပါတယ်။

လက်ရှိလွတ်တော်နဲ့ အစိုးရအဖွဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်း အနည်းဆုံး ၁၂၀ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ခန့်မှန်းထားပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေထဲ ကျန်းမာရေးပြဿနာ တော်တော်ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ခင်၊ အစိုးရအဖွဲ့ထဲမှာ တာဝန်မယူခင်စပ်ကြားမှာ ဒီလူတွေက ဒီဆေးခန်းနဲ့ မကင်းခဲ့ဘူး။ သူတို့ လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာ တကယ်လုပ်သင့်တာကို လုပ်သင့်တယ်”လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းကြည်က ပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လက်ရှိအခြေအနေကို စစ်တမ်းကောက်ပြီး လွတ်တော်ကိုတင်ပြဖို့  ပြင်ဆင်နေကြတာဖြစ်ပါတယ်။

dsc_2888.jpg

နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားအား ကုသပေးနေသည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းတွင် ဒေါ်အေးအေးသင်းအား တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

၁၉၄၈ ခုနှစ်မှာ ဗြိတိသျှတို့ထံက မြန်မာတွေ လွတ်လပ်ရေးရပြီးနောက်ပိုင်း လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့သူတွေကို အာဏာရအစိုးရတွေက လွတ်လပ်ရေးလှုပ်ရှားသူတွေအဖြစ် အသိအမှတ်ပြုခဲ့ကြတာကို သူတို့က ထောက်ပြကြပါတယ်။

ဆယ်စုနှစ်ငါးခုနီးပါးကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်မှုကို တော်လှန်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ဒီလို အသိ အမှတ်ပြုမခံခဲ့ကြရတဲ့အပြင် သမိုင်းရဲ့ အရေးမပါတော့တဲ့ အစိတ်အပိုင်းတွေအဖြစ် ပစ်ပယ်မေ့ပျောက်ခံနေကြရပါတယ်။ ဒါ့အပြင်  ထောင်တွင်းမှာ နှိပ်စက်မှုတွေကြောင့် ရရှိခဲ့ကြတဲ့ရောဂါတွေအတွက်တောင် ဆေးကုသမှု လုံလုံလောက်လောက် မရရှိကြဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ အချက်လက်တွေစုဆောင်းပြီး အမှန်တကယ် အကူအညီလိုအပ်နေတဲ့ သူတွေကို ဘယ်လိုပုံနဲ့ အစိုးရက ကူညီမလဲဆိုတာကို မေးခွန်းမေးပေးဖို့ လွတ်တော်အမတ်တွေထံကို ချည်းကပ်နေကြပါတယ်။

“ထောင်ထဲမှာ အများကြီးနှိပ်စက်ခံရပြီး လူမသိသူမသိ ဒုက္ခခံခဲ့ရတဲ့သူတွေ အများကြီးရှိခဲ့တယ်။ နာမည်ကြီးတဲ့သူတွေသာ လူတွေသိကြတာကိုး။ အဲဒီလူတွေဘဝက ပိုခက်ခဲကြမယ”လို့ လွတ်တော်မှာ အစိုးရကို မေးခွန်းမေးပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက အကူအညီတောင်းခံထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောပါတယ်။

တစ်နေ့တခြား ဆိုးရွားလာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကျန်းမာရေးအခြေအနေကို အချိန်မှီ ကုစားမှု မလုပ်ပေးနိုင်ဘူးဆိုရင် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဦးထွန်းကြည်က ဆက်ပြောပါတယ်။

“NLD က ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကိစ္စ မစဉ်းစားတာလဲ။ ဒါကဖွဲ့စည်းပုံကိုလည်း ထိခိုက်စရာ ဘာအကြောင်းမှ မရှိဘူး”လို့ ဦးထွန်းကြည်က ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar