အငြင်းပွားနေသည့် သီလဝါမြေကိစ္စ အမြန်ဆုံး ဖြေရှင်းပေးမည်ဟု ဦးဖြိုးမင်းသိန်း ပြောကြား

ဟိန်းကိုစိုး

သီလဝါရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က သိမ်းယူထားသည့် မြေဧက ၈၀ နီးပါးပေါ်တွင် နေထိုင်နေကြသူများနှင့် လယ်ယာမြေ ပိုင်ဆိုင်သူများအား အကြမ်းဖက် နှင်ထုတ်ခဲ့သည့် မြေယာပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

သီလဝါဇုန်မြေနေရာနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် လယ်သမားများအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၁၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

မြေယာပိုင်ဆိုင်မှုနှင့် ပက်သက်သည့် အချက်အလက် အထောက်အထားများကို သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင် မြေယာ စိစစ်ရေးအဖွဲ့များက ပြန်လည်စိစစ်မှုများကို ချက်ခြင်းဆောင်ရွက်ကာ တိုင်းဒေသကြီး အစိုးရနှင့် တိုင်းဒေသကြီး မြေယာစိစစ်ရေးအဖွဲ့တို့ထံ တင်ပြရေးအတွက် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောသည်။

“မနက်ဖြန် (မေ ၁၅ ရက်) မှာ အမှုကို မြို့နယ်မှာ ချက်ချင်းပြန်စိစစ်ပြီး တိုင်းကို တင်ပေးရမယ်။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့လည်း ပြောခဲ့တယ်။ လယ်သမားကိုယ်စားပြု လေးဦးလည်း အစည်းအဝေးမှာ ပါပါတယ်” ဟု ၎င်းကဆိုသည်။

သန်လျင်မြို့နယ်၊ သီလဝါတွင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က သိမ်းဆည်းထားသည့် မြေပေါ်၌ နေထိုင်နေကြသူ လယ်သမား ကိုးဦးနှင့် အခြားအိမ်ထောင်စု ၃၀ တို့ကို မေ ၁၂ ရက်နေ့တွင် ခန့်မှန်းရဲအင်အား ၁၅၀ ကျော်ဖြင့် အင်အားသုံး ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တားဆီးသည့် တောင်သူများအား ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲမှုသုံး သေနတ်များ ပစ်ဖောက်ကာ လူစု ခွဲခဲ့သည်။ သေနတ်လေးချက် ပစ်ခဲ့ရာတွင် ပထမဆုံးတစ်ချက်အား မိုးပေါ်သို့ ထောင်ပစ်ခဲ့ပြီး ကျန်သုံးချက်ကို လူအုပ်ထဲသို့ ပစ်ခဲ့သဖြင့် အသက် ၃၈ နှစ်အရွယ် ဒေါ်မို့မို့လွင်နှင့် အသက် ၄၇ နှစ်အရွယ် ဦးအောင်နိုင်စိုးတို့တွင် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

သေနတ်ထိမှန်သူနှစ်ဦးမှာ သန်လျင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်။ ထို့အပြင် လူအုပ်စုထဲမှ ဦးသန်းဝင်း၊ ဦးရဲမြင့်နှင့် ဖြိုးဇော်တို့ သုံးဦးကို ရဲတပ်ဖွဲ့က အဆိုပါနေ့တွင်ပင် ဖမ်းယူခေါ်ယူသွားသည်။

၎င်းသုံးဦးကို ကျောက်တန်းရဲတပ်ဖွဲ့က ပုဒ်မ ၃၃၂ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကိုနာကျင်စေမှုနှင့် ပုဒ်မ ၁၄၄ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူအဖြစ်ရှိခြင်းစသည့် ပုဒ်မများဖြင့် မေ ၁၃ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့သည်။

“ကျွန်တော်တို့ကို အကြမ်းဖက်တဲ့အပေါ် ဘယ်သူက တာဝန်ရှိလဲ။ တာဝန်ယူမလဲဆိုတာကို သိချင်လို့ ဒီနေ့ဝန်ကြီးချုပ်နဲ့ အစည်းအဝေးကို တက်ခဲ့တယ်။ ဟိုရောက်တော့ ကိုယ်ပိုင်ဆိုင်မှုအကြောင်းပဲ ပြောခိုင်းတယ်။ ဒီနေ့တွေ့တာ ဘာအကျိုးမှမရှိဘူး” ဟု ဦးသန်းဝင်းကပြောသည်။

အဆိုပါမြေများကို လယ်သမား ၁၄ ဦးထံမှ ၁၉၉၆ ခုနှစ်တွင် မြန်မာဆိပ်ကမ်းအာဏာပိုင်က မြေယာလျော်ကြေး တစ်ဧကလျှင် ကျပ်နှစ်သောင်းဖြင့် သိမ်းယူခဲ့ပြီး မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်သို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့သည်။ သိမ်းဆည်းပြီး လေးနှစ်ကြာမှသာ မြေယာပုံစံပြောင်း အသုံးပြုခွင့် ခွင့်ပြုချက် လ/န ၃၉ ကို စစ်အစိုးရက ထုတ်ပေးခဲ့သည်။

မြေများသိမ်းဆည်းခံရပြီးနောက် လယ်သမား ၁၁ ဦးမှာ အခြားနေရာများသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။ မြေများ သိမ်းဆည်းပြီးသော်လည်း မြေပေါ်တွင် မည်သည့်လုပ်ငန်းမှ အကောင်အထည်ဖော်ခြင်းမရှိသဖြင့် မူလလယ်သမား သုံးဦးနှင့် အခြား လယ်သမား ခုနစ်ဦးတို့က လယ်ယာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် လုပ်ငန်း အကောင်အထည်ဖော်မည်ဟုဆိုကာ ထိုနေရာတွင် နေထိုင်နေကြသူများကို နှင်ထုတ်ရန် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပထမအကြိမ် ကြိုးပမ်းခဲ့သည်။ သို့သော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပဲ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် လက်ငုတ်လက်ရင်းပိုင်ရှင်များနှင့် ဆက်လက် နေထိုင်နေသူများကို လျော်ကြေးပေးရန် သဘောတူခဲ့ကြသည်။

ထိုသဘောတူညီချက်အရ မူလလယ်ပိုင်ရှင် ၁၁ ဦးအား တစ်ဧကလျှင် ကျပ်သိန်း ၇၀ စီ လျှော်ကြေးပေးခဲ့သည်။ ကျန်ရှိသည့် မူလပိုင်ရှင် သုံးဦးမှာမူ မရရှိခဲ့ပေ။ ထိုသို့ မရရှိသည်လယ်ပိုင်ရှင်များသည် ယင်းမြေပေါ်တွင်သာ ဆက်လက် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ယင်းအပြင် လယ်မြေပေါ်တွင် နေထိုင်နေသူများကို လျော်ကြေးပေးမည့် အစီအစဉ်ကိုလည်း အကောင်အထည်မဖော်နိုင်ခဲ့ပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.