အင်္ဂလန်မှ လိဒ်ယူနိုက်တက်အသင်း မြန်မာနိုင်ငံ၌ ခြေစမ်းပွဲများ လာရောက်ကစားမည်

အိုလီဗာ ဆလိုး

အင်္ဂလန်နိုင်ငံမှ လိဒ်ယူနိုက်တက်ဘောလုံးအသင်းသည် ဧရာဝတီဘဏ်က စီစဉ်သည့် AYA Bank Tour 2018 တွင် ပါဝင်ကာ ခြေစမ်းပွဲများ လာရောက် ကစားရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

၎င်းတို့၏ ပထမဆုံးပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်၏ MNL All Star အသင်းနှင့် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် မေ ၉ ရက်နေ့၌ ကစားမည်ဖြစ်ပြီး မေ ၁၁ ရက်နေ့တွင်မူ မြန်မာ့လက်ရွေးစင်အသင်းနှင့် မန္တလေးရှိ မန္တလာသီရိ ကစားကွင်း၌ ယှည်ပြိုင် ကစားမည်ဖြစ်သည်။

“ဒီခရီးစဉ်က ဘောလုံးပရိသတ် အသစ်တွေနဲ့ တွေ့ဖို့ ကျွန်တော်တို့အတွက် အခွင့်အလမ်းတစ်ခုပါ။ လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်ကို ကျွန်တော်တို့ ပြန်လာမှာကို ဒီပရိသတ်တွေက အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု လိဒ်ယူနိုက်တက် (Leeds United) မန်နေဂျင်းဒါရိုက်တာ အန်းဂပ်စ်ကင်နီးယားက ပြောကြားသည်။

“ဘောလုံးရှုထောင့်တစ်ခုကနေကြည့်ရင် ဒဏ်ရာတွေကြောင့် လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ သိပ်ပြီး မကစားခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကစားသမားတွေအတွက် အခွင့်အလမ်းမို့ ကြိုဆိုပါတယ်။ သူတို့အတွက် ပြန်လည်ထူထောင်ရေးကို ဆက်လုပ်နိုင်မယ့် အခွင့်အရေးပါ” ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါခရီးစဉ်မှာ မြန်မာနိုင်ငံ၏ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။ “မြန်မာနိုင်ငံက ဘောလုံးကို ရူးသွပ်တဲ့ နိုင်ငံတစ်ခုပါ။ ဒီခရီးစဉ်ကြောင့် ဘောလုံးအပေါ် ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်ပြင်းပြမှုကို နိုင်ငံတကာကို ပြသနိုင်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ခရီးစဉ်အတွင်း လိဒ်ယူနိုက်တက် အဖွဲ့သားများသည် ရန်ကုန်နှင့် မန္တလေးရှိ ဘောလုံးအကယ်ဒမီများတွင် ဘောလုံးဆေးခန်းများ တည်ဆောက်ပေးမည်ဖြစ်ပြီး ရန်ကုန်ရှိ ရွှေတိဂုံ၊ မန္တလေးရှိ မဟာမြတ်မုနိဘုရားများအပါအဝင် ယဉ်ကျေးမှု အဆောက်အအုံများ၊ နေရာများသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သည့် အင်္ဂလန်ကလပ်အသင်းကြီးမှာ ၂၀၁၆ ခုနှစ်၊ မေလအတွင်းက လာရောက်ခဲ့သည့် လိုင်ဆက်စတာစီးတီး (Leicester City) ဖြစ်သည်။ အင်္ဂလိပ်ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲပြီးနောက် မကြာမီမှာပင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။

လိဒ်ယူနိုက်တက်အသင်းသည် လက်ရှိတွင် ချန်ပီယံရှစ်၌ အဆင့် ၁၂ နေရာတွင်ရှိနေပြီး ပွဲကျန် နှစ်ပွဲကစားရဦးမည် ဖြစ်သည်။ အသင်းမန်နေဂျာမှာ အင်္ဂလိပ်လူမျိုး ပေါလ်ဟက်ကင်ဘော်တွမ် ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar