မောင်တောမြို့နယ်၊ အင်းဒင်ရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု တပ်မတော်က ပြောကြားသည်။
အဆိုပါရွာ သုဿန်တွင် လူများအား သတ်ဖြတ်ကာ အစုလိုက်မြှုပ်နှံထားသည်ကို ပြီးခဲ့သည့်လက တွေ့ရှိခဲ့ပြီးနောက် တပ်မတော်က ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးဖော်ထုတ်သိရှိခဲ့ခြင်း ဖြစ်သည်ဟု ဇန်နဝါရီ ၁၀ ရက်နေ့ညတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အသတ်ခံရသူ ၁၀ ဦးမှာ “ဘင်္ဂါလီအကြမ်းဖက်သမားများ” ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သြဂုတ် ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ရဲစခန်း ၃၀ ကျော်ကို ARSA က တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဒေသတွင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို တပ်မတော်က ဆောင်ရွက်ခဲ့သည်။ စစ်ဆင်ရေးများ ဆောင်ရွက်ချိန်ကစတင်ကာ မူဆလင် ၆၅၀,၀၀၀ ကျော်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။
စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ မူဆလင်များအပေါ် အဓမ္မပြုကျင့်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ကျေးရွာများကို မီးရှို့မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။ သို့သော် တပ်မတော်နှင့် အစိုးရက အဆိုပါ စွပ်စွဲမှုများကို ငြင်းဆိုထားသည်။
သို့သော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက မူဆလင်များအပေါ် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယခုအကြိမ်သည် ပထမဆုံး ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။
“အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်နေ့တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ ဦးခန့်က တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ်ထောင်ဖောက်၍ သတိပေးတား မြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း” တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သူ ၁၀ ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်သူများဖြစ်ခြင်း၊ ၎င်းတို့ ရွာသားများက ဦးမောင်နီအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း၊ တိုင်းရင်းသားများအား ခြိမ်းခြောက် အနိုင်ကျင့်မှုများ ရှိခဲ့ခြင်းတို့ကြောင့် တိုင်းရင်းသားများမှ စိတ်နာလျက်ရှိပြီး ပြန်လည်လက်စားချေ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လျက်ရှိရာမှ ဖမ်းမိသူ ၁၀ ဦး အား သတ်ဖြတ်ခဲ့ကြောင်း စိစစ် တွေ့ရှိရသည်ဟုလည်း တပ်မတော်က ဆက်လက် ပြောကြားထားသည်။
သတ်ဖြတ်ရာတွင် ရွာသားသုံးဦးက ဓားဖြင့်ခုတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်လေးဦးက သေနတ်ဖြင့် ပစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းထားသူ ၁၀ ဦးအား ရဲစခန်းသို့ ပို့ဆောင်ရမည်ဖြစ်သော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်သည့် အခြေအနေမရှိသဖြင့် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရသည်ဟုလည်း ဖော်ပြထားသည်။
ဖြစ်စဉ်တွင် အင်းဒင်ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်မှုကို ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ်သက်သူ ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန် တာဝန်ရှိသူများကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဟု ဆက်လက် ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သည့်အဖွဲ့ကိုလည်း ၎င်းကပင် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအချိန်က “လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထက်ဌာနမှ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များအပြင် အထူးသဖြင့် မိမိကိုယ်ကို ကာကွယ် ခုခံပိုင်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ဖျက်ရေးတာဝန် ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေသ(Rule Of Engagement-ROE)ပါ အချက်များကိုလည်း ခေါင်းဆောင်ပိုင်းမှစ၍ လက်အောက်တပ်သားအဆင့်ထိ အလေးထား သိရှိလိုက်နာ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်” ဟု ပြောကြားခဲ့သည်။