အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ဆေးနေကြောင်း ပြည်ထဲရေးက အတည်ပြု

ဉာဏ်လှိုင်လင်း

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အင်းဒင်ကျေးရွာတွင် ပြီးခဲ့သည့်နှစ် လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်သည့် ရိုက်တာ၏ သတင်းဆောင်းပါးတွင် ကိုးကားဖော်ပြထားသည့် အုပ်ချုပ်ရေးမှူးကို စုံစမ်းစစ်ဆေးနေသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က Frontier ကို ယနေ့ညနေပိုင်းက အတည်ပြု ပြောကြားသည်။

“ကျွန်တော်လည်း ခရီးသွားနေတုန်းမို့ အသေးစိတ်ကိုတော့ အခုမပြောနိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။ ထို့ ကြောင့် အဆိုပါ အုပ်ချုပ်ရေးမှူး၏ အမည်နှင့် မည်သူ့အချိန်က စတင်စစ်ဆေးနေသည်အပြင် အရေးယူထားသည့်ပုဒ်မ စသည်တို့ကို Frontier က သိရှိရခြင်း မရှိသေးပေ။

အင်းဒင်ကျေးရွာတွင် ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံခဲ့သူ လူငါးဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာ ရက်သတ္တပတ် အတော်ကြာမြင့်နေပြီဖြစ်ပြီး ယနေ့တွင်မှ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ အတည်ပြုချက်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးလိုက်စဉ်ကတည်းက ယင်းကိစ္စကို အင်းဒင်သတ်ဖြတ်မှု သတင်းနှင့် ဆက်စပ်သည်ဟု ယူဆချက်များ ရှိသော်လည်း အစိုးရရော၊ ရိုက်တာကပါ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သို့သော် အင်းဒင်ကျေးရွာတွင် စက်တင်ဘာ ၂ ရက်နေ့က လူ ၁၀ အသတ်ခံခဲ့ရသည့်သတင်းကို ရိုက်တာက ယမန့်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သတ်ဖြတ်မှုအား ပြန်လည်ပုံဖော်ရေးသားထားသည့် အဆိုပါဆောင်းပါးတွင် တွေ့ဆုံမေးမြန်းထားသည့် ရွာသားများက ရိုဟင်ဂျာကျေးရွာများအား မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အလောင်းများကို မြေမြှုပ်ခဲ့မှုများကို ပထမဆုံးအကြိမ် ဝန်ခံထားသည်။

အဆိုပါဆောင်းပါး ရေးသားသူများ၏ အမည်တွင် ဖမ်းဆီးခံထားရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမည်များကိုလည်း ဖော်ပြထားပြီး သတင်းပါ ဖြစ်စဉ်များကို ဒေသခံအုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံရွာသားများက ပြန်ပြောင်းပြောပြခဲ့သည်ဟု ရိုက်တာက အတည်ပြုရေးသားထားသည်။

ထို့ကြောင့် အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပြင် အခြားသူများကို ဖမ်းဆီးခြင်းရှိမရှိ သိရှိနိုင်ရန် Frontier က ကြိုးပမ်းနေသော်လည်း မအောင်မြင်သေးပေ။ ထို့အတူ အဆိုပါသတင်းတွင်ပါင်သည့် သတင်း ရင်းမြစ်များနှင့် ပတ်သက်၍ မည်သို့စီမံနေသည်ကို ရိုက်တာသတင်းဌာနထံသို့ Frontier ၏ မေးမြန်းချက်အား ရိုက်တာက လက်ခံရရှိကြောင်းသာ ပြန်ကြားသေးပြီး တစ်စုံတစ်ရာ ပြန်လည်ဖြေကြားမှု မရှိသေးပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar