အင်းဒင်ရွာတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်၏ ဆောင်ရွက်မှုသည် နိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခုအား လှမ်းလိုက်ခြင်းပင်ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
“အင်းဒင်ရွာကိစ္စမှာ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ သတ်ဖြတ်မှုတွေဖြစ်ခဲ့လို့ အခုတပ်မတော်ကနေပြီးတော့ စိစစ်ပြီးတော့ အရေးယူမယ်ဆိုတာ ကျွန်မတို့ရဲ့ နိုင်ငံအတွက်က ခြေလှမ်းအသစ်တစ်ခုကို ရှေ့လှမ်းတာလို့ပဲ ဒီလိုပဲမြင်ပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးအတူ နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးကျရင် နိုင်ငံတစ်နိုင်ငံဟာ ကိုယ့်နိုင်ငံအတွင်းမှာ ရှိတဲ့ တရားဥပဒေ စိုးမိုးရေးကို ကိုယ့်ဘာသာ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာက ကိုယ့်ဟာကိုယ် တာဝန်ယူတဲ့ နေရာမှာ၊ တာဝန်ယူတဲ့ လမ်းကြောင်းပေါ်မှာ စပြီးလှမ်းတယ်ဆိုတာ အပေါင်းလက္ခဏာနဲ့ မြင်ဖို့ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မောင်တောမြို့နယ် အင်းဒင်ရွာတွင် “ဘင်္ဂလီအကြမ်းဖက်သမားများ” ဟု တပ်မတော်က ပြောကြားသည့် လူ ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက သတ်ဖြတ်ခဲ့သည့်ကိစ္စအား တပ်မတော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်သိရှိခဲ့ပြီးနောက် ပါဝင်ပတ်သက်သူများအား အရေးယူမည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။
ယခုကဲ့သို့ စုံစမ်းဖော်ထုတ်ခဲ့ကာ အရေးယူရန် ပြင်ဆင်နေသည့်အတွက် အချို့သောသူများအား ကြောက်သွားစေနိုင်သည်ဟုလည်း ၎င်းကပြောကြားသည်။
“ကြောက်သွားမလားဆိုတော့ ကြောက်တဲ့ လူတွေကလည်း ကြောက်သွားနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဒါပေမယ့် အခုဖြစ်တဲ့ကိစ္စမဟုတ်ပါဘူး။ အရင်တုန်းကဖြစ်တဲ့ ကိစ္စကို ပြန်ပြီးတော့ စုံစမ်းတာပါ။ ဒါကြောင့်မို့လို့ ကျွန်မတို့က စုံစမ်းခြင်းအားဖြင့် နောင်ဒီလိုကိစ္စမျိုးတွေ မဖြစ်အောင်လို့ အဟန့်အတား တစ်ခုအနေနဲ့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
သတ်ဖြတ်ခံထားရသူ ၁၀ ဦး၏ ရုပ်အလောင်းများကို အင်းဒင်ရွာအနီးရှိ သင်္ချ ိုင်းနေရာတွင် ပြီးခဲ့သည့်လက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ တရားလက်လွတ်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တပ်မတော်က ပထမဆုံး ဝန်ခံခဲ့ခြင်းလည်း ဖြစ်သည်။